Home
နိုင်ငံတကာ
ဖက်စစ်အာဏာရှင်ကို ဖြုတ်ချခဲ့သည့် ပေါ်တူဂီ “ကာနေးရှင်း တော်လှန်ရေး” နှစ် ၅၀ ပြည့် ကျင်းပ
DVB
·
April 27, 2024

ဥရောပသက်တမ်းအရှည်ဆုံး ဖက်ဆစ်အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တဲ့ ပေါ်တူဂီ “ကာနေးရှင်းတော်လှန်ရေး” နှစ် ၅၀ ပြည့်အခမ်းအနားကို ဧပြီ ၂၅ ရက်က နိုင်ငံတဝန်းမှာ ကျင်းပခဲ့ပြီး မြို့တော် လစ္စဘွန်းမှာ လူသောင်းချီ ချီတက်ခဲ့ကြပါတယ်။ 

အာဏာရှင်ကို မလိုလား၊ ဒီမိုကရေစီကိုလိုလားတဲ့ စစ်ဘက်အရာရှိငယ်တွေက အာဏာရှင်ထံက အာဏာပြန်သိမ်းဖို့ကြိုးစားခဲ့ရာကနေ စတင်ခဲ့တဲ့ လူထုအုံကြွမှုကြီးဟာ ပေါ်တူဂီကို ဒီမိုကရေစီ လမ်းကြောင်းပေါ်တင်ပေးနိုင်ခဲ့ပါတယ်။ 

သောင်းနဲ့ချီတဲ့ လူအုပ်ကြီးဟာ “ထာဝရ .. ဧပရယ် ၂၅ ၊ ဖက်ဆစ်ဝါဒ ဘယ်တော့မှ တကျော့မပြန်စေ” ဆိုတဲ့ ကြွေးကြော်သံကို ဟစ်ကြွေးပြီး ကာနေးရှင်းပန်းတွေနဲ့ နိုင်ငံအလံတွေ ကိုင်ဆောင်ပြီး ချီတက်ခဲ့ကြပါတယ်။ 

ပေါ်တူဂီမှာ မကြာသေးမီနှစ်တွေအတွင်း လက်ယာစွန်းဝါဒ တစ်ကျော့ပြန်အားကောင်းလာချိန်မှာ ဖက်စစ် အာဏာရှင်စနစ်ကို ပြန်မသွားချင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ 

အာဏာရှင် အန်တိုနီယို အိုလီဗီရာ ဆာလာဇာဟာ ပေါ်တူဂီကို ၁၉၃၂ ခုနှစ်ကနေ ၁၉၆၈ အထိ အုပ်ချုပ်ခဲ့ပါတယ်။ 

ဒါပေမဲ့ အလွန်အမင်းရှေးရိုးစွဲဆန်တဲ့ အာဏာရှင်အုပ်ဆိုးမှုဟာ သူ့နေရာဆက်ခံသူ မာဆယ်လိုကယ်တာနိုလက်ထက်အထိ နောက်ထပ် ခြောက်နှစ်ကြာ ဆက်ရှိနေခဲ့ပါတယ်။ 

၁၉၇၄ ခုနှစ် ဧပြီ ၂၅ ရက်မှာမှ တော်လှန်ရေးကစတင်ခဲ့ပါတယ်။ ဒီမိုကရေစီလိုချင်တဲ့၊ ပေါ်တူဂီရဲ့ အာဖရိက ကိုလိုနီနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ လွတ်လပ်ရေးလှုပ်ရှားမှူတွေအပေါ် ဖိနှိပ်တဲ့ ကာလ ရှည်စစ်ပွဲတွေ အဆုံးသတ်ချင်တဲ့ အငယ်တန်းစစ်အရာရှိတွေရဲ့ အာဏာသိမ်းမှုက စခဲ့တာ ဖြစ်ပါတယ်။ 

နောက်ပိုင်းမှာ မမျှော်မှန်းလောက် အောင်အားကောင်းတဲ့ လူထုတော်လှန်ရေးနဲ့ ပေါင်းစပ်သွားခဲ့ပြီး ဒီမိုကရေစီ စနစ်ကို ပြန်လည်ကူးပြောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ 

သေနတ်တချက်မဖောက်ခဲ့ရပဲ အောင်မြင်ခဲ့သလို လူထုနဲ့ အတူရပ်တည်ခဲ့ကြတဲ့ စစ်သားတွေ ကာနေးရှင်းပန်းတွေ ပေးခဲ့ကြတာကို အစွဲပြုပြီး ကာနေးရှင်းတော်လှန်ရေးလို့ ထင်ရှားခဲ့တာ ဖြစ်ပါတယ်။ 

ဧပြီ ၂၅ ရက် ရောက်ရင် သေနတ်ပြောင်းဝနဲ့ စစ်ယူနီဖောင်းတွေမှာ လူထုက ကာနေးရှင်းပန်းတွေ ထိုးပေးလေ့ရှိကြပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013