Home
မြန်မာသတင်း
ပေါက်မြို့နယ်ထဲက ရွာ ၂ ရွာကို စစ်ကောင်စီဗုံးကြဲ၊ မင်းကင်း၊ မြေနီရွာကို မီးရှို့
DVB
·
April 27, 2024
war 2742024

မကွေးတိုင်း၊ ပေါက်မြို့နယ်က ရွာ ၂ ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က မြေနီရွာကိုလည်း စစ်တပ်ဝင်လာပြီး မီးရှို့တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။

ပေါက်မြို့နယ်က ကျောက်တိုင်ခင်ကျေးရွာနဲ့ စစ်ကောင်စီစခန်းစွန့်ခွာသွားတဲ့ ဖလံကိုင်း နယ်မြေရဲစခန်းကို ဧပြီ  ၂၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောက်တိုင်ခင်ကျေးရွာက နေအိမ်တွေ ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ သိရပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ကျောက်တိုင်ခင်ကျေးရွာက အမျိုးသားတယောက်က  “ကျနော်တို့ရွာကို စစ်တပ်လေယာဉ်က ၃ ခေါက်လာပြီး ဗုံး ၇ လုံးလောက် ကြဲသွားတယ်။ ရဟတ်ယာဉ်နဲ့လည်း လာပစ်တယ်ဗျာ။ အိမ်တွေ ပျက်စီးကုန်ပြီ။ ဒဏ်ရာရတဲ့သူတွေတော့ ရှိတယ်။ အသေအပျောက်တော့ မကြားသေးဘူး။ နွားတွေတော့ ဘယ်လိုနေကြလဲ မသိဘူး။ ရွာလုံးကျွတ် ထွက်ပြေးလာကြတာ” လို့ ပြောပါတယ်။

ကျောက်တိုင်ခင်ကျေးရွာဟာ ဧပြီ ၁၈ ရက်က စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့၀င်တွေ စခန်းစွန့်ခွာသွားတဲ့ ဖလံကိုင်းနယ်မြေရဲစခန်းအနီးက ကျေးရွာတရွာလည်း ဖြစ်ပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဧပြီ ၁၈ ရက်နေ့ကတော့ ဖလံကိုင်းနယ်မြေရဲစခန်းကို စခန်းစွန့်ခွာ ထွက်ပြေးသွားကြတဲ့ စစ်ကြောင်းနဲ့ PDF တပ်ဖွဲ့တွေ မြိုင်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တယ်။ သူတို့စစ်ကြောင်းဘက်က ထိခိုက်သေဆုံးတာ များတယ်လို့ သိရတယ်” လို့  ပြောပါတယ်။

ဧပြီ၁၈ ရက်ကလည်း မကွေးတိုင်းအတွင်း ကျေးရွာ ၄ ရွာကို စစ်တပ်က ပစ်ခတ်ပြီး လေယာဉ်နဲ့ ဗုံးကြဲ ဖျက်ဆီးခဲ့လို့ ပြည်သူ ၃ ယောက် သေဆုံးပြီး လူနေအိမ်တွေပျက်စီးခဲ့သလို ဒေသခံပြည်သူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဧပြီ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က မြေနီရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့နေတာကြောင့် ဒေသခံ ရာနဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

ကလေးဝမြို့နယ်၊ မြစ်သာမြစ်တံတားကနေ ကလေးဝ-ယာကြီး လမ်းအတိုင်း အင်အား ၇၀ ကျော်နဲ့ ရောက်လာတဲ့ စစ်ကြောင်းက ရှို့တာလို့ သိရပါတယ်။

ဒေသခံတယောက်က “ရွာတောင်ပိုင်းက စရှို့တာ။ ဘုန်းကြီးကျောင်းကိုပါမကျန်ဘူး၊ အကုန် ရှို့သွားတာ။ လာရှို့တဲ့အထဲမှာက စစ်သား ၁၀ ဦး၊ ရဲ ၁၀ ဦးလောက်ပဲ ပါတယ်။ ကျန်တာ ပျူစောထီးတွေပါ။ ဘာလို့ရွာကိုမီးရှို့တာလဲဆိုတော့ သူတို့စစ်ကြောင်းထိုးလာတာကို ပြည်သူ့ကာကွယ်ရေးတပ်က ကလေးမြို့နယ်၊ ကလေးဝ-ယာကြီးလမ်း၊ ကောတလင်းရှမ်းအင်းကျေးရွာ အနီးမှာ ကြားဖြတ်မိုင်းဆွဲခံရပြီး အခုလို ရွာကိုမီးရှို့တာလို့ပဲမြင်မိတယ်။ ကျန်တဲ့ စစ်ရေး သတင်းကတော့ ကျနော်တို့အရပ်သားတွေ မပြောရဲဘူး။ နားလည်းမလည်ဘူး” လို့ ပြောပါတယ်။

မြေနီရွာဟာ ကလေးဝ-ယာကြီး-မုံရွာလမ်းအနီးမှာတည်ရှိတဲ့ အိမ်ခြေ ၁၀၀ နီးပါရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်ကောင်စီက မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၇၀ ကျော် မီး လောင်ဆုံးရှုံးခဲ့တယ်လို့လည်းသိရပါတယ်။

မင်းကင်းမြို့နယ် PDF တပ်ဖွဲ့ဝင်တယောက်က “နယ်ကျော်လာရင်တော့ တွယ်ရမှာပဲ။ အခုလည်း နယ်ကျော်လာလို့  မိုင်းဆွဲတယ်။ နင်းမိုင်းမိတာ။ သေတာက ၂ ယောက်၊ ခြေထောက် ပြတ်တာ၊ လက်ပြတ်တာက ၅ ယောက် ကျော်တယ်။ ဒဏ်ရာရတဲ့သူတွေကို ကလေးဝဘက် ပြန်ဆွဲသွားတယ်” လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြေနီရွာကို မီးရှို့ပြီး ညနေပိုင်းမှာ မအူရွာကို ဝင်ရောက်တပ်စွဲနေပြီး မအူရွာအပါအဝင် ပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ ဝရဲရွာ၊ မြေနီရွာက ပြည်သူတွေ ရွာကနေ တိမ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013