Home
မြန်မာသတင်း
ဘူးသီးတောင်မြို့က အကြမ်းဖက်မှုနှင့် လူမျိုးရေးတင်းမာမှုကို ကုလစိုးရိမ်
DVB
·
April 27, 2024
Buthee_27042024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်မှာ အကြမ်းဖက်မှုနဲ့ လူမျိုးရေးတင်းမာမှုအပေါ် စိုးရိမ်မှု မြင့်တက်လာတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးရုံး (UNOCHA)က ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်က လူသားချင်းနာမှုဆိုင်ရာထောက်ပံ့မှု လုပ်နေတဲ့ အဖွဲ့အစည်းတခုရဲ့ ရုံးနဲ့ဆေးခန်းတခုအပါဝင် လူနေအိမ် ၅၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ UNOCA ရဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

ဒီလိုအကြမ်းဖက်မှုနဲ့ လူမျိုးရေးတင်းမာမှုအပေါ် စိုးရိမ်စရာတွေမြင့်တက်လာတာကြောင့် အခြေအနေတွေက ရုတ်ချည်းဆိုးရွားလာနေပါတယ်လို့ ရေးသားထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ဘူးသီးတောင်မြို့ပေါ်မှာ ရခိုင်လူမျိုးတွေနဲ့ မျိုးနွယ်စုဝင်တွေ မရှိတော့ဘဲ စစ်ကောင်စီတပ်နဲ့ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်တချို့သာ ရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့ မွတ်ဆလင်တွေကိုလည်း စစ်ကောင်စီက ရက္ခိုင့်တပ်တော် (အေအေ)ကို ဆန့်ကျင်ဆန္ဒပြဖို့ အတင်းစေခိုင်းခဲ့မှုတွေ ရှိတယ်လို့လည်း ဘူးသီးတောင်က မွတ်ဆလင် အသိုင်းအဝန်းတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်း အဖွဲ့အစည်းတွေရဲ့ ရုံးတွေနဲ့ နေအိမ်တွေကို စစ်ကောင်စီ၊ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေနဲ့ ARSA၊ ARA၊RSO တို့က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ အေအေ  ဆိုထားပါတယ်။

ရခိုင်မှာ စစ်ရေးအရ ရှုံးနိမ့်လာတာကြောင့် ရခိုင်နဲ့ မွတ်ဆလင်တွေအကြား စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေ ပဋိပက္ခဖြစ်ပွားအောင် ဖန်တီးလာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ တွေက ရှုမြင်နေကြပါတယ်။

စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ပြန်လည်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရ သူဦးရေဟာ ခန့်မှန်းခြေ ၁၆၆,၀၀၀ အထိ မြင့်တက်တယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013