Home
မြန်မာသတင်း
စစ်တပ်ဗုံးကြဲမှုနှင့်စစ်ကျန်လက်နက်ကြောင့် ဆင်ဘို၊ကျောက်ကြီးနှင့်ရေဇွာတို့တွင် ပြည်သူ ၄ ဦးသေဆုံး
DVB
·
April 26, 2024
bomb 2642024

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ကို ဧပြီ ၂၅ ရက် ညနေမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြင်သာကျေးရွာမှာ နေထိုင်သူ သားအမိ ၂ ဦးအနက် သားဖြစ်သူသေဆုံးပြီး မိခင်က ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လေယာဉ်နဲ့ ဗုံးကြဲတဲ့နေ့ကတော့ ဒီအနီးနားမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ လေယာဉ်နဲ့ ဗုံးလည်းကြဲတယ်၊ သေနတ်နဲ့လည်း လေယာဉ်ပေါ်ကနေ ပစ်တယ်။ ဗုံးကြဲလို့ အိမ်မီးလောင်ပြီး မိခင်ဖြစ်သူက ဒဏ်ရာရတယ်။ သားဖြစ်တဲ့သူကတော့ ပွဲချင်းပြီးသေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်မီးလောင်ပျက်စီးပြီး သေဆုံးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြို့မရဲစခန်း အပါအဝင် ဌာနဆိုင်ရာရုံးတွေကို ထိန်းချုပ် သိမ်းပိုက်ခဲ့ပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့မှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ကလေး ၃ ဦး အပါအဝင် ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ ဘောကထာ၊ ဘုရားကြီး၊ ပဒဲကော၊ ကလော၊ မောခို့ ကျေးရွာတွေကို ဧပြီ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်တွေနဲ့ ဗုံး ၆ ကြိမ်ထက်မနည်း ကြဲချခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး ကလေး ၃ ဦး အပါအဝင် ၉ ဦး ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။

ကျောက်ကြီးဒေသခံတဦးက “ဘောကထာမှာရှိတဲ့ စစ်တပ်စခန်းကို KNU က သွားပစ်တော့ စစ်တပ်က နာသွားလို့ ရွာတွေကို ဗုံးကြဲတာ။ ကြဲတာက စစ်တောင်းမြစ်ဝှမ်းမှာရှိတဲ့ KNU စိုးမိုးထားတဲ့ ရွာတွေကို ကြဲတာ။ ဘုရားကြီးရွာကနေ စကြဲတာပေါ့။ ၆ လသားနဲ့ ၁ နှစ်သား အပါအဝင် တခြား ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

စစ်တောင်းမြစ်ဝှမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ခလရ ၂၆၄ ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်နေရပါတယ်။

KNU တပ်မဟာ ၁၊ ဘားအံမြို့နယ်ရှိ ကျေးရွာတွေကို ဧပြီ ၂၀ ရက်က တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံး ၁၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး သီးနှံစိုက်ခင်း အများအပြား ပျက်စီးခဲ့ပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့မှာ စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ကလေးတဦး သေဆုံးခဲ့တယ်လို့ CDF-ဇိုတုန်ဆီက သိရပါတယ်။

ဧပြီ ၂၅ ရက် ညနေ ၆ နာရီက ဇိုတုန်မြို့ လောင်းရဲရပ်ကွက်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲခဲ့တာပါ။

သေဆုံးသွားတဲ့ကလေးဟာ အသက် ၁၃ နှစ်အရွယ် ၆ တန်းကလေး မောင်ဘွေနိုင်လျန် ဖြစ်ပြီး မိသားစုနဲ့အတူ စစ်ဘေးရှောင်ရင်း ရေဇွာမြို့ကို ပြန်ရောက်တာ မကြာသေးဘူးလို့ သိရပါတယ်။

CDF-ဇိုတုန် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဒန်နီက “လောင်ရဲရပ်ကွက်နားမှာ အရင်က စကစ စခန်းရှိတော့ သူတို့ထောင်ထားခဲ့တာ ဖြစ်နိုင်တယ်။ ကျနော်တို့ ပြန်သိမ်းလိုက်တဲ့အချိန်မှာတော့ တတ်နိုင်သလောက်တော့ မိုင်းရှင်းလင်းရေးတွေ  လုပ်ပေးတယ်။ အဲဒီနေရာကလည်း အရပ်သားတွေ ပုံမှန်သွားလာတဲ့ နေရာပဲ၊ ရာသီဥတုကြောင့် ပေါက်သွားတာလားပေါ့။ လက်နက်ကတော့ နင်းမိုင်းလို့တော့ ကနဦး ယူဆထားတယ်၊ တခြားဟာလည်း ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။

မတူပီမြို့နယ်၊ ရေဇွာမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

ချင်းပြည်နယ်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၂၈ ဦးအထိ ရှိလာပြီလို့ Institue of chin Affairs (ICA) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013