Home
မြန်မာသတင်း
ငပုတောတွင် စစ်မှုထမ်းရန် ၁၇ နှစ်နှင့် ၄၀ ကျော်အရွယ်များကို စာရင်းကောက်နေ
DVB
·
April 26, 2024
mili 2642024

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ စစ်မှုထမ်းဖို့အတွက် အသက် ၁၇ နှစ်ကနေ ၄၀ ကျော်အရွယ် အမျိုးသားတွေကို စာရင်းကောက်ယူ ဖောင်ဖြည့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဧပြီ ၂၀ ရက်က စတင်ပြီး အမှတ်စဉ် ၂ စစ်မှုထမ်းဖို့အတွက်လို့ဆိုကာ အသက် ၁၇ နှစ်ကနေ ၄၀ အထိ အရွယ်တွေကို စာရင်းကောက် ဖောင်ဖြည့်နေတာလို့ ဆိုပါတယ်။

ငပုတောမြို့နယ် ဒေသခံတယောက်က “အိမ်က အမျိုးသားက အသက် ၄၀ ကျော်နေပြီ၊ စစ်မှုထမ်းဖို့အတွက် စာရင်းကောက်တယ်။ သတ်မှတ် အသက် ၃၅ နှစ် မဟုတ်ဘူးလားလို့ အုပ်ကြီးကိုမေးတော့ ဥပဒေနဲ့အညီလုပ်တာ လာမမေးနဲ့လို့ ပြောတယ်လေ” လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်ပြန်သွင်းပြီး အာဏာတည်ကြောင်း ထုတ်ပြန်ပြီးနောက် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေ စစ်မှုထမ်းရမယ်လို့ ကြေညာခဲ့ပေမဲ့ မြေပြင်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အခုလို အသက် ၁၇ နှစ်ကနေ ၄၀ ကျော်အရွယ်တွေအထိ စာရင်းကောက်နေတာလို့ ဆိုပါတယ်။

ငပုတောမြို့နယ်မှ မိခင်တယောက်က “သားလေးက အသက် ၁၇ နှစ်ပဲရှိသေးတာ၊ စစ်မှုထမ်းဖို့ ဖောင်ဖြည့်ခံရတာ။ တရားမျှမျှတတ လုံးဝမလုပ်ဘူး။ ကျမတို့ ကံစုကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းနိုင်က။ သားလေးက အသက် မပြည့်သေးပါဘူး၊ အိမ်ထောင်စုစာရင်းမှာ ကြည့်ပါလို့ အုပ်ကြီးကိုပြောတော့ နောက်မှ စစ်ပေးမယ်၊ အခုတော့ စာရင်းယူရမယ်လို့ပြောတယ်။ စစ်မှုထမ်းဖို့ အခေါ်ခံရရင် ကျမသေမှာ” လို့ ပြောပါတယ်။

ငပုတောမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေက စစ်မှုထမ်းဖို့အတွက် သားသမီးတွေ၊ မိသားစုဝင်တွေ၊ သူတို့နဲ့ပတ်သက်နေတဲ့သူတွေကို စာရင်းမကောက်ဘဲ ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းသူ ၁ ယောက်ကို ငွေကျပ် ၁၅၀,၀၀၀ အထိ ထောက်ပံ့ပေးဖို့ဆိုပြီး ကျေးရွာတွေထဲက အိမ်ခြေ ၁၀၀ အထက်ရှိတဲ့ရွာတွေမှာ တအိမ်ကို ၂၀၀၀ ကျပ်၊ အိမ်ခြေ ၁၀၀ အောက်ရှိတဲ့ရွာတွေမှာ တအိမ်ကို ၄၀၀၀ ကျပ်နှုန်း သတ်မှတ်ကောက်ခံနေတယ်လို့ သိရပါတယ်။ 

ဧရာဝတီတိုင်းဟာ တခြား တိုင်းနဲ့ပြည်နယ်တွေနဲ့ယှဉ်ရင် စစ်ကောင်စီ ထိန်းချုပ်အားကောင်းပြီး တည်ငြိမ်အေးချမ်းတဲ့ တိုင်းဖြစ်ပြီး ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ စစ်မှုထမ်းဖို့ အသက်မမီသေးတဲ့ လူငယ်တွေကို စာရင်းကောက်ယူတာ၊ မဲနှိုက်ခိုင်းတာတွေကို ၂၀၂၄ ခုနှစ် မတ်လ ပထမအပတ်က စတင်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ကန်ကြီးထောင့်နဲ့ ဖျာပုံမြို့နယ်မှာ စစ်မှုထမ်းဖို့ လူငယ်တွေကို မဲနှိုက်ခိုင်းလို့ မဲပေါက်တဲ့လူငယ် ၂ ယောက် မတ် ၁၇ ရက်က အဆိပ်သောက် အဆုံးစီရင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Photo - MOI

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013