ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဥ်းထောင်မှာ ဧပြီ ၁၈ ရက်ကစပြီး အကျဥ်းသားတွေ အကြမ်းဖက် ဖြိုခွင်းခံရပြီးတဲ့ နောက်ဆက်တွဲအနေနဲ့ ထောင်ဆရာဝန်နဲ့ ထောင်ပိုင် အပါအဝင် ၅ ဦးက ဧပြီ ၂၄ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“ထောင်ဆရာဝန် အပါအဝင် ထောင်ဝန်ထမ်း ၅ ဦး ဖမ်းဆီးခံထားရတယ်။ အဓိက အကြောင်းပြချက်က မြစ်ကြီးနားအကျဥ်းထောင်မှာ အဓိကရုဏ်းဖြစ်တဲ့အချိန် အကြမ်းဖက် ဖြိုခွင်းခံရချိန် အကျဥ်းသားသေဆုံးတာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတယ်လို့ သိရတယ်။ အခုလက်ရှိ အကျဥ်းသား ၁၉ ဦးလည်း တိုက်ပိတ်ခံထားရတယ်။ သူတို့က ဘယ်သူတွေ ဆိုတာတော့ ခုထိမသိရသေးဘူး။”
ထောင်ပိုင်လေး ကျော်မင်းဦး၊ ထောင်ဆေးရုံဆရာဝန် ဒေါက်တာထွန်းထွန်းအောင်နဲ့ ဝန်ထမ်းတွေ ဖမ်းဆီးခံရပြီး ခုလက်ရှိအချိန်မှာ နိုင်ငံရေးအကျဥ်းသား ၂ ဦး အပါအဝင် အကျဥ်းသား ၅ ဦး သေဆုံးခဲ့ရပြီး အကျဥ်းသား ၁၉ ဦးကိုလည်း တိုက်ပိတ်ထားကာ ထောင်ဝင်စာပေးပို့ခွင့်တွေလည်း ပိတ်ခံထားရတယ်လို့ သိရပါတယ်။
အကြမ်းဖက်ဖြိုခွင်းခံရလို့ သေဆုံးခဲ့ရသူတွေက အသက် ၂၄ နှစ်အရွယ် နိုင်ကျဥ်း ကိုကျော်စိုးဝင်း၊ အသက် ၂၂ နှစ်အရွယ် နိုင်ကျဥ်း ကိုအောင်နိုင်ထွန်း၊ ဦးညွန့်ဌေး၊ ဦးထွန်းဝင်းတို့ ဧပြီ ၁၈ ရက်မှာ သေဆုံးခဲ့ပြီး ဧပြီ ၂၁ ရက်နေ့မှာ ကိုယိန်းဘောမ်လည်း ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဆက်တွဲအနေနဲ့ အကျဥ်းထောင်အတွင်းမှာ ဖိနှိပ်မှုတွေရှိနေပေမဲ့ ထောင်တွင်းအခြေအနေကို သတင်းရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနှံ့က အကျဥ်းထောင်တွေမှာ ထောင်တွင်းအကြမ်းဖက်မှုတွေ၊ ဆေးဝါးမလုံလောက်မှုတွေ၊ ဖိနှိပ်ခံရမှုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာတွေ ရှိနေတယ်လို့ အကျဥ်းသားတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။