Home
မြန်မာသတင်း
ကျောက်ဖြူ၊ ကျောက်တော်နှင့်ကလေးမြို့တို့တွင် စစ်တပ်ဗုံးကြဲမှုကြောင့် ဒေသခံ ၇ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ
DVB
·
April 26, 2024
att 2642024

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့ ကျောက်တော်မြို့တို့မှာ ဧပြီ ၂၅ ရက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ် စနဲမြို့မှာ ဧပြီ ၂၅ ရက် ညနေ ၃ နာရီကျော်လောက် စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းတိုက်ခိုက်မှု​ ၂ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ၅၆ နှစ်အရွယ် ဦးညီပုချေ သေဆုံးသွားပြီး ၁၈ နှစ်အောက် ကလေးတွေအပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ စနဲမြို့ခံတဦးက ပြောပါတယ်။

“မနေ့က စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်လာပြီးတော့ ဗုံးကြဲတိုက်ခိုက်သွားတာ။ အသက်သေဆုံးသွားသူက ဗုံးဆန်ထိပြီး သေတာတော့မဟုတ်ဘူး ပေါက်ကွဲသံကြောင့် ကြောက်လန့်ပြီး နှလုံးဖောက်သွားတာဖြစ်တယ်။ နောက် ၄ ဦးကတော့ ဗုံးဆန်ထိပြီးတော့ ထိခိုက်ဒဏ်ရာရသွားကြတယ်။” 

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါဝင် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂၅ ရက် ညနေ ၄ နာရီလောက်မှာလည်း ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်ရှိ စစ်မှုထမ်းဟောင်းရုံးကို စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ်တစီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“၄ နာရီလောက်မှာ ဂျက်တိုက်လေယာဥ်တစီးလာပြီးတော့ ဗုံးကြဲတိုက်ခိုက်သွားတာ။ ဗုံးကတော့ ၂ လုံး ချသွားတယ်။ တလုံးက ပေါက်ကွဲသွားပြီးတော့ နောက်တလုံးကတော့ မပေါက်ကွဲခဲ့ဘူး။ အရပ်သား ထိခိုက်သေဆုံးမှုတော့မရှိဘူး။ မြို့ထဲကို တမင်ရည်ရွယ်ပြီး လာတိုက်ခိုက်တာကြောင့်​ မြို့ထဲမှာတော့ အုတ်အော်သောင်းတင်းတော့ ဖြစ်သွားကြတယ်။” 

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်ကလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်  သံတွဲမြို့နယ် ရေကောက်ကျေးရွာနဲ့ ပုရစ်ကျေးရွာအနီးရှိ တောင်တန်းတွေကိုလည်း ဧပြီ ၂၅ ရက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်တွေနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့ မတ်လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်မှာ အရပ်သား ၃၀ ကျော်ဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ရက္ခိုင့်တပ်တော် (AA) က မြို့နယ် ၉ ခုအထိ သိမ်းပိုက်ရရှိထားပြီး နောက်ထပ် မြို့နယ် ၅ ခုထက်မနည်းမှာလည်း စစ်ရေးပြင်းထန်နေဆဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မြောက်ပိုင်း၊ ပျဉ်းတောဦးကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက် လက်နက်ကြီး​နဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“၂၄ ရက်နေ့ ညနေကလေ။ ရွာပေါ် ကို လက်နက်ကြီးကျည်ကျလို့ ကလေး ၂ ယောက်နဲ့ အမျိုးသား ၁ ဦးဆုံးသွားတယ်။ ၂၅ ရက်နေ့မနက်မှာ အမျိုးသမီး ၁ ယောက်။ တို့တွေလည်း ထွက်ပြေးလာခဲ့ကြတာ” လို့ စစ်ဘေးရှောင် အမျိုးသားတဦးက ပြောပါတယ်။

ဧပြီ ၂၅ ရက်နေ့မှာလည်း ပျဥ်းတောဦးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် ၂၄ ရက်နေ့က သေဆုံးသွားခဲ့သူတွေရဲ့နာရေးကို လိုက်ပါပို့ဆောင်ဖို့  ပျဥ်းတောဦးကျေးရွာကို ရောက်ရှိနေတဲ့ ညောင်ကုန်းကျေးရွာသား အသက် ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးတို့ ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဧပြီ ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ သေဆုံးရသူတွေဟာ ပျဥ်းတောဦးကျေးရွာက ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၆၅ နှစ်အရွယ်အမျိုးသား ၁ ဦး၊ အသက် ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေနဲ့ မတရားဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကနေ ဧပြီ ၂၅ ရက်နေ့အထိ ကလေးငယ်တွေအပါအ၀င်  အပြစ်မဲ့ပြည်သူ ၈၀ ကျော် သေဆုံးခဲ့ရတယ်လို့ အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်မှု၊ ရွာလုံးကျွတ်မီးရှို့မှုတို့ကြောင့် ဒေသခံပြည်သူ သိန်းချီပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013