Home
နိုင်ငံတကာ
ထိုင်းတွင် ရာသီဥတုပူပြင်းမှုကြောင့် ၂ လအတွင်း လူ ၃၀ သေဆုံး 
DVB
·
April 26, 2024
Thai 2642024

ထိုင်းနိုင်ငံရဲ့  ဒီနှစ်နွေရာသီဟာ ခါတိုင်းနှစ်ထက် ပိုမိုပူပြင်းတာကြောင့် မတ်နဲ့ ဧပြီ ၂ လ အတွင်း အပူဒဏ်ကြောင့်ဖြစ်တဲ့  Heatst Soke နဲ့ သေဆုံးသူပေါင်း အယောက် ၃၀ ရှိတယ်လို့ ထိုင်းနိုင်ငံ ရောဂါ ထိန်း ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီ ၂၀၂၃ မတ်လ မှ ဇွန်လထိ ၄ လတာအတွင်း Heat Stroke ကြောင့် သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး အခု ၂၀၂၄ ခုနှစ်မှာတော့ မတ်နဲ့ ဧပြီ  ၂ လတည်းမှာတင် သေဆုံးသူ အယောက် ၃၀ ရှိနေပြီဖြစ်လို့ အပူဒဏ်ကြောင့် သေဆုံးသူဦးရေ ၂ ဆတိုးလာတယ်လို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဂျူလိုင်ဝုန်းဆဝဒ်က ဧပြီ ၂၄ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

သေဆုံးသူအများစုဟာ သက်ကြီးရွယ်အို၊ ကလေးသူငယ်နဲ့ နေပူထဲမှာ အချိန်ကြာအလုပ်လုပ်ရသူတွေ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အဝလွန်ရောဂါ အခံရှိသူတွေလို့ ဆိုပါတယ်။

ဒါကြောင့် မနက် ၁၁ နာရီမှ ညနေ ၃ နာရီတွင်း နေပူကျဲကျဲမှာ အပြင်ထွက်ခြင်း၊ အလုပ်လုပ်ခြင်းတွေ ရှောင်ကြဉ်ဖို့၊ အရိပ်ထဲနေသူတွေလည်း ရာသီဥတုပူပြင်းချိန် အရက် သောက်ခြင်းမှ ရှောင်ကြဉ်ဖို့ ၊  သန့်ရှင်းတဲ့ရေ မကြာမကြာသောက်ပေးဖို့၊ ချွေးထွက်များက ဓာတ်ဆားရည်ဖြည့်သောက်ဖို့၊  နေပူကြောင့် မူးလဲသူရှိက နီးစပ်ရာဆေးခန်းဆေးရုံတွေဆီ အမြန် ဆုံးပို့ဆောင်ဖို့ ဒေါက်တာ ဂျူလိုင်ဝုန်းက တိုက်တွန်းပြောပါတယ်။ 

ထိုင်းမိုးလေဝသဌာနရဲ့ ဒီကနေ့ ဧပြီလ ၂၆ ရက်ထုတ်ပြန်ချက်အရ ဧပြီ ၂၆ မှ မေ ၁ ရက် အတွင်း ထိုင်းနိုင်ငံအထက်ပိုင်းဒေသတွေမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်တာကြောင့်  ထိုင်းတနိုင်ငံလုံးအပူချိန် ပြင်းပြမှာ ဖြစ်တယ်လို့ ခန့်မှန်းပါတယ်။ 

ထိုင်းမြောက်ပိုင်းဒေသမှာ အပူချိန်အနိမ့်ဆုံး ၂၃ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၄၃ ဒီဂရီစင်တီဂရိတ်၊  ထိုင်းအရှေ့မြောက်ပိုင်း အိဆန်ဒေသမှာ အပူချိန်အနိမ့်ဆုံး ၂၅  ဒီဂရီစင်တီဂရိတ်မှအမြင့်ဆုံး ၄၃ ဒီဂရီစင်တီဂရိတ်၊  ထိုင်းအလယ်ပိုင်းဒေသမှာ အပူချိန်အနိမ့်ဆုံး ၂၇ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၄၂ ဒီဂရီစင်တီဂရိတ်၊ အရှေ့ပိုင်းဒေသမှာ အပူချိန်အနိမ့်ဆုံး ၂၇ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၄၂ ဒီဂရီစင်တီဂရိတ်၊ တောင်ပိုင်းဒေသမှာ အပူချိန်အနိမ့်ဆုံး ၂၄ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၄၀ ဒီဂရီစင်တီဂရိတ်၊  ဘန်ကောက်နဲ့ အနီးတဝိုက်ဧရိယာမှာ အပူချိန်အနိမ့်ဆုံး ၂၈ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၄၀ ဒီဂရီ စင်တီဂရိတ်ထိအသီးသီးရှိမှာဖြစ်ပြီး မိုးရွာရန်ရာနှုန်းမှာ  ၁၀ မှ ၂၀ ခန့်သာရှိမယ်၊ တချို့ဒေသမှာ မိုးသက်လေပြင်း ကျရောက်နိုင်တယ်လို့  ခန့်မှန်းထုတ်ပြန်ထားပါတယ်။ 

Source - Thai PBS / TNN Earth 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013