Home
မြန်မာသတင်း
ရေးတွင် ပြည်သူ့စစ် ၅ ဦး ဖမ်းမိ၊ ခုခံရန်ကြိုးစားသူ ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ဟု MSRF ပြော
DVB
·
April 26, 2024
Yae 2642024

မွန်ပြည်နယ် ရေးမြို့နယ် ခေါ်ဇာမြို့ ကျုံညှဲကျေးရွာမှ ‌ပြည်သူ့စစ် ၅ ဦးကို လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့ပြီး ၃ ဦးကိုပြန်လွှတ်ပေးခဲ့ပေမဲ့ သေနတ်လုယူပြီး ပြန်လည်ပစ်ခတ်ခဲ့တဲ့သူ ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရေးမြို့နယ် ခေါ်ဇာမြို့ရှိ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူ့စစ် ၅ ဦးဟာ လက်နက်ကိုင်ဆောင်ပြီး စစ်မှုထမ်းဥပဒေအတွက် တပ်သားစုဆောင်း နေတယ်လို့ ပြည်သူတွေသတင်းပေးတဲ့အတွက် MSRF အပါအဝင် တော်လှန်ရေး တပ်ပေါင်းစု တွေက ဧပြီ ၂၃ ရက်နေ့မှာ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

သူတို့နဲ့အတူ သေနတ် ၉ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ဘောက် ၄ ခု၊ ကျည် ၉၁ တောင့်၊ စကားပြောစက် ၃ လုံး၊ စကားပြောစက်အားသွင်းခုံ ၂ ခု၊ အီကွေးမင်း  ၁ ခု၊ ရေဘူး ၁ လုံး၊ မှန်ပြောင်း ၁ ခုတို့ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။

ပြည်သူ့စစ် ၅ ဦးကိုစစ်ဆေးပြီးနောက် သူတို့ထဲက သာမာန်ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦးကို နောင်မလုပ်ဖို့ ပြင်းပြင်းထန်ထန်သတိပေးပြီး ဧပြီ ၂၃ ရက် ညနေမှာပဲ တော်လှန်ရေးအဖွဲ့တွေကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျုံညှဲပြည်သူ့စစ်ခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့ ဒုအုပ်ချုပ်ရေးမှူးတို့ကို ဆက်လက်ထိန်းသိမ်းထားတဲ့အချိန် ဧပြီ ၂၄ ရက် မနက် ၅ နာရီလောက်က သေနတ်လုပြီး ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်တဦးဒဏ်ရာရရှိခဲ့တဲ့အတွက် ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ MSRF ပြန်ကြားရေးတာဝန်ခံ နိုင်နဂါးက ပြောပါတယ်။ 

“ပြည်သူတွေ သတင်းပေးလို့ သေချာစိစစ်ပြီး သွားရောက်ဖမ်းဆီးခဲ့တာပါ။ ပြည်သူ့စစ် ၃ ယောက်ကို နောက်မလုပ်ဖို့ သတိပေးပြီး အဲဒီနေ့ပဲ ပြန်လွှတ်လိုက်တယ်။ နောက် ၂  ယောက်ကိုလည်း ပြန်လွှတ်ပေးဖို့ရှိပါတယ်။ နောက်တနေ့ မနက်အစောကြီးမှာ သေနတ်ကိုလုတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရှင်းလင်းရတဲ့အထိ ဖြစ်သွားခဲ့တာပါ။ ကျနော်တို့ရဲဘော်တယောက်လည်း ဒဏ်ရာရသွားပေမဲ့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) စတင်ဖွဲ့စည်းကတည်းက ဒလန်ရှင်းလင်းရေးကိစ္စကို လုံးဝမလုပ်ဘူးလို့ မူဝါဒချထားပေမဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး လက်နက်ကိုင်ဆိုင်ထားတဲ့ ဘယ်လူမျိုး၊ ဘယ်ပုဂ္ဂိုလ်မဆို ပြတ်ပြတ်သားသားရှင်းလင်းသွားမှာဖြစ်သလို စစ်ကောင်စီ သက်ဆိုးရှည်ဖို့အတွက် စစ်မှုမထမ်းမနေရစနစ်ကို အကောင်အထည်ဖော်နေတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း စစ်ကောင်စီအမိန့်ပေးတဲ့အတိုင်းမလုပ်ပဲ ရပ်တန်းကရပ်ကြဖို့ သတိပေးတယ်လို့ ဆိုပါတယ်။

ကျုံညှဲရွာပြည်သူ့စစ်ခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ ကျေးရွာအတွင်း လက်နက်ကိုင် ထားပြီး လူငယ်တွေကို စစ်ကောင်စီအတွက် စစ်မှူထမ်းဖို့  အားသွန်ခွန်စိုက်ပြုလုပ်နေတယ်လို့ ရေးမြို့ခံတဦးက ပြောပါတယ်။

အခုဖမ်းဆီးစစ်ဆေးမှုကို မွန်ပြည်တော်လှန်ရေး တပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ရေးသိမ်းငှက် (ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) ဒေါနတပ်ခွဲ ၄ နဲ့ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) ဒေါနတပ်ခွဲ ၇ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013