ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စစ်ကောင်စီရဲ့ စွယ်တော်ကုန်းစခန်း အနီးတဝိုက်ကို ဧပြီ ၂၅ ရက် ည ၁၁ နာရီလောက်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ တခုတည်းကျန်ရှိနေတဲ့ စွယ်တော်ကုန်းစခန်း အနီးတဝိုက်က လေးကေ့ကော်၊ ဖလူးပန်းခြံ၊ ထီးမယ်ဝါးခီး၊ မေတ္တလာမြိုင်ကျေးရွာ အနီးတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတဦးက “ညက စွယ်တော်အနီးတဝိုက် ပစ်ခတ်သံအနည်းငယ်ကြားတယ်။ ခဏနေ လေယာဉ်လာပြီး ဗုံးကြဲတာပဲ။ လေယာဉ်က တစင်းပြီးတစင်း ကြဲသွားတာ။ ဗုံးကြဲတာ မြေကြီးတောင်တုန်တယ်။ ဗုံးပေါက်ကွဲတဲ့နေရာတွေဆို မီးတွေလင်းပြီး ဖွေးနေတာပဲ။ ညဆိုတော့ အဝေးကနေ လှမ်းမြင်နေရတယ်။ အခုလည်း လေယာဉ်တွေ ဝဲနေတယ်။ ဗုံးတော့ မကြဲသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ ကျေးရွာအပြင်ဘက် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိပေမဲ့ ညတွင်းချင်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၁၀ ရက် ညနေ ၅ နာရီက စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်းဖြစ်တဲ့ ဖလူးစခန်းကို KNLA ကော်ဘရာစစ်ကြောင်း ၁၊ ကော်ဘရာစစ်ကြောင်း ၂ VENOM ပူးပေါင်းစစ်ကြောင်းတွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဆက်လက်ပြီး စွယ်တော်ကုန်းစခန်းကို ဧပြီ ၂၆ ရက်ထိ ဝိုင်းဝန်းပိတ်ဆို့ထားပါတယ်။
စွယ်တော်ကုန်းစခန်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေက လနဲ့ချီ ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီတပ်သားတွေဟာ ရေအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် ကတုတ်ကျင်းတွေထဲ နေထိုင်ရတာ ကြာမြင့်လာတာကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းပြီး စိုးရိမ်ကြောက်လန့်စိတ်နဲ့ စက်သေနတ်နဲ့ ရမ်းသန်းပစ်ခတ်တာတွေ ရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၃၁ ရက်က လေးကေ့ကော်မြို့သစ်အနီးက ရေကန်ကုန်းစခန်းကို KNLA, PDF ပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တိုက်ပွဲအတွင်း ဗိုလ်ကြီးအပါအဝင် ၃ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရကာ ၃ ယောက် လက်နက်ချ အညံ့ခံခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။