Home
မြန်မာသတင်း
မြင်းခြံ ရဲစခန်း၊ နွားထိုးကြီးနှင့် လောင်းလုံးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
April 26, 2024
Att 2642024

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာ၊ ကုက္ကဲရဲစခန်းကို ဧပြီ ၂၅ ရက် မနက်စောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သားတဦးသေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ ပြောရေးဆိုခွင့်ရှိသူက “စစ်‌ေ–အင်အား ၃၀ လောက်နဲ့ တပ်စွဲထားတဲ့ ကုက္ကဲရဲစခန်းနားအထိ ကပ်ပြီး ကင်းသမားကို ပစ်နိုင်ခဲ့တယ်။ ကျန်တဲ့ကောင်တွေကတော့ ကုက္ကဲရွာကို အကာအကွယ်ယူပြီး အမှတ် ၃ တပ်မတော်အကြီးစားစက်ရုံဘက်ကို ထွက်ပြေးသွားကြပြီး အဲဒီကနေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတဲ့အတွက် ကုက္ကဲရဲစခန်းကို ယာယီသိမ်းထားခဲ့ပြီး စစ်ကောင်စီတပ်သားတဦး သေဆုံးကာ MA-1 သေနတ်တလက်၊ ကျည်ဘောက်တခု သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၄ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းက ရဲကား ၂ စီးကို တိုက်ခိုက်ပြီး သေနတ်တလက် သိမ်းဆည်းကာ ရဲကား ၂ စီးလုံးကို မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်လို့ PLA အနောက်မြောက်စစ်ဒေသ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အမှတ် ၈၁၅ တပ်ဖွဲ့- PLA (အနောက်မြောက်စစ်ဒေသ)၊ မြင်းခြံ 35 တပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့-PLA စုပေါင်းအင်အား၊ Burmese Guerrilla Force-BGF နဲ့ KG တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းကနေ အိမ်စီးကား ၂ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေအား တိုက်ခိုက်ကာ ကားတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၄ (Natogyi People Defence Force - NPDF) အဖွဲ့ကနေ သိရပါတယ်။

ဧပြီ ၂၄ ရက်၊ မနက် ၈ နာရီခွဲလောက်မှာ အိမ်စီးကား ၂ စီး အသုံးပြုပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ဝက်လူးကျေးရွာထဲကို ဖြတ်သန်းတဲ့အချိန် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မြင်းခြံခရိုင်တပ်ရင်း-၄ ပြောရေးဆိုခွင့်ရှိသူက “ကား ၂ စီးမှာ  ၈ ကောင်ပါလာတယ်။ ကျနော်တို့ တိုက်ခိုက်လိုက်လို့ ၄ ကောင် ဒဏ်ရာရပြီး ၈ ကောင်လုံး ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားချိန် ကား ၂ စီးပေါ်ကနေ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ စကားပြောစက် ၁ လုံးနဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ပြီး ကား ၂ စီးလုံးကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း-၄ NPDF နဲ့ နွားထိုးကြီး-ပကဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မှ ကျောက်နီမော်ကျေးရွာကို ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပကဖထံက သိရပါတယ်။

ဧပြီ ၂၃ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ငါးဖမ်းစက်လှေကို အသုံးပြုပြီး စစ်ကူလာတဲ့ အင်အား ၂၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံက “သူတို့ဘက်က ငါးဖမ်းစက်လှေကို အသုံးပြုပြီး ကျောက်နီမော်ရွာကို စစ်ကူဆင်းလာတယ်။ ကျနော်တို့က ကမ်းဘက်ကနေပြီး သူတို့ကို ၄၀ မမနဲ့ ၂ လုံးပစ်တယ်။ တလုံးက လှေဦးပိုင်းကို ထိတယ်။ နောက်တလုံးက အလည်တည့်တည့်ကို ထိတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ လောင်းလုံးပကဖဘက်က ထိခိုက်မှုမရှိပေမဲ့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပြီး အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံက “စကစဘက်က ဒီလိုမျိုး ငါးဖမ်းလှေအသုံးပြုပြီး စစ်ကြောင်းထိုးလာရင် ပြည်သူတွေအနေနဲ့ ကျနော်တို့ဆီ သတင်းပေးဖို့နဲ့ စစ်ရေးသတိရှိဖို့ အသိပေးချင်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်က လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013