စပိန်ရဲတပ်ဖွဲ့၊ ကက်တလိုနီယားဒေသမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မော့ဆို့စ် ရဲတပ်ဖွဲ့နဲ့ ဥရောပသမဂ္ဂ ရဲတပ်ဖွဲ့ ယူရိုပိုလ်တို့နဲ့အတူ စပိန်နိုင်ငံနဲ့ ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ ၂ ယူရို ဒင်္ဂါးပြားအတု ထုတ်လုပ်ရေး အလုပ်ရုံကို ဖျက်သိမ်းခဲ့ကြောင်း ပူးပေါင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ ရာဇ၀တ်အဖွဲ့အစည်း ဆီကနေ သိမ်းဆည်းရမိခဲ့တဲ့ ဒင်္ဂါးပြားအရေအတွက် ၄ သိန်း နီးပါးကို ဗုဒ္ဓဟူးနေ့က မက်ဒရစ်မှာ သတင်းထောက်တွေကို ပြသခဲ့ပါတယ်။
စပိန်အမျိုးသားရဲတပ်ဖွဲ့က ဒီအလုပ်ရုံဟာ စပိန်မှာ ၂ ယူရိုဒင်္ဂါးပြားတွေ ထုတ်လုပ်တဲ့ အကြီးဆုံး အလုပ်ရုံဖြစ်ပြီး ဥရောပမှာ အရေးအကြီးဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“စပိန်မှာ ဒင်္ဂါးပြား အခုရေ ၁ သိန်းလောက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရှိရပြီး ဥရောပအဆင့်မှာတော့ အခုရေ ၄ သိန်း လောက်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အတွင်းပိုင်း လည်ပတ်ပုံကို မသိရသေးပေမယ့် အခုတော့ ဖမ်းမိသွားပြီ” လို့ စပိန်ဘဏ်မှ စုံစမ်းရေးရဲဌာန အကြီးအကဲ ဟိုဆေး မာရီယာ ဟီမန်နက်ဇ် က ပြောပါတယ်။
စပိန်ရဲတွေဟာ စုံစမ်းစစ်ဆေးမှု စတင်ချိန်ကတည်းက တရုတ်လူမျိုး ၁၀ ဦးကို ဖမ်းဆီးထားပြီး တော်လဲဒို မြို့အနီးက မြူနီစီပယ်နယ်မြေရှိ ဂိုဒေါင်တစ်ခုအတွင်းက ကုန်ထုတ်အလုပ်ရုံကို ဖျက်သိမ်းခဲ့ပါတယ်။
စပိန်ဘဏ် ရဲစုံစမ်းရေးမှူး ဟီမန်နက်ဇ်က“သူတို့တွေဟာ စက်တွေကို ရွှေ့ပြီး၊ အကြွေစေ့တွေကို ထုတ်လုပ်၊ စက်ထဲကနေ အကြွေစေ့ကို ပြန်ထုတ်ယူ၊ ပြီးတော့ ခဏအနားပေးတယ်။ ဒါကို သူတို့က ခဏ အိပ်တယ် လို့ ပြောကြတယ်၊ ပြီးရင် တခြားတနေရာမှာ ဒီလို တပုံစံတည်း ပြန်လုပ်ကြတယ်။ သူတို့ လုပ်တာကိုင်တာ အရမ်းသွက်တယ်”လို့ ပြောပါတယ်။
ဒါကြောင့်ပဲ ဘာစီလိုနာ၊ ဗီယာကန်ညာ့စ်၊ မက်ဒရစ် နဲ့ ဖွှေလာဘရားဒါ စသဖြင့် နေရာတွေက အရမ်းကို ကွာခြားနေတာ လို့လည်း ဆိုပါတယ်။
ဒင်္ဂါးအတုတွေမှာတော့ သံလိုက်ဓာတ် ရှိနေတယ်ဆိုပြီး ယူရိုဒင်္ဂါး အတုနဲ့အစစ်ကို အသိအမှတ်ပြုတဲ့ နည်းလမ်းကို ရဲတပ်ဖွဲ့က ရှင်းပြခဲ့ပါတယ်။
ဝယ်ယူတဲ့ ပမာဏပေါ်မူတည်ပြီးတော့ ဆင့် ၆၀ ကနေ ဆင့် ၈၀ ၊ ၁ ယူရိုမှ ၁. ၂ ယူရို စသဖြင့် အကျိုးခံစားခွင့် ရကြတယ်လို့လည်း စပိန်ဘဏ် ရဲစုံစမ်းရေးမှူး ဟီမန်နက်ဇ် က ပြောကြား ခဲ့ပါတယ်။
Source/Photo - Reuters