Home
မြန်မာသတင်း
ဝိုင်းမော်က ပြည်သူ့စစ်စခန်းကို ကေအိုင်အေ တိုက်ခိုက်၊ ဆင်ဘိုတွင်လည်း တိုက်ပွဲဖြစ်
DVB
·
April 27, 2024
att 2742024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာက ပြည်သူ့စစ်စခန်းကို ဧပြီ ၂၆ ရက် ညနေပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီး ဆင်ဘိုမြို့နယ်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

ဆင်ဘိုမြို့နယ်က စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ ၁၄၁ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က လာရောက် တိုက်ခိုက်ခဲ့တဲ့အတွက်  နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြေီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “ခမရ ၁၄၁ ကို ကေအိုင်အေ က တိုက်တာ။ အဲဒီ စခန်းကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လကတည်းက စတိုက်နေတာ။ တိုက်ပွဲက ရပ်လိုက် နားလိုက်ပဲ။ အခုတော့ တိုက်ပွဲက ပြင်းထန်နေတယ်။ စစ်တပ်ကလည်း လေယာဉ်နဲ့ ဗုံးကြဲနေတယ်” "လို့ ပြောပါတယ်။

စစ်ကောင်စီတပ်စခန်း ခမရ ၁၄၁ ဟာ ဆင်ဘိုမြို့နဲ့ ၃ မိုင်လောက်အကွာမှာ ရှိပြီး ကို ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ နဲ့ တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်နေတုန်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၂ ကြိမ်ထက် မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၅ရက်နေ့ကလည်း ဆင်ဘိုမြို့မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် မြင်သာကျေးရွာက သားအမိ ၂ ယောက်ကိုထိမှန်ပြီး သားဖြစ်သူသေဆုံး၊ မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ပါတယ်။

ဧပြီ ၂၆ ရက် ညနေပိုင်းမှာတော့ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာက ပြည်သူ့စစ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဒေသခံတယောက်က “မနက် ၈ နာရီလောက်က ခရီးသွားကားတွေကို စစ်ဆေးမှုတွေ ပြုလုပ်တယ်။ ဆဒုံးတို့ ဝါရှောင်တို့ဘက် သွားမယ့်ကားတွေကိုလည်း ပိတ်လိုက်တယ်။ ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်ဆေးပြီးနေ့လယ် ၁ နာရီလောက်မှ ဖြတ်သန်းခွင့်ပြုတယ်။ ညနေ ၅ နာရီလောက်မှာ အဲဒီ စခန်းကို ကေအိုင်အေ က လာတိုက်တာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဝူယန်ပြည်သူ့စစ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေတုန်း ဝိုင်းမော်အခြေစိုက် စစ်ကောင်စီတပ် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့စစ်ဂိတ်နားမှာ နေထိုင်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပြည်သူ့စစ် စခန်း ပစ်ခတ်တိုက်ခိုင်ခံရတာနဲ့ ပတ်သက်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုတော့ ဒီဗွီဘီအနေနဲ့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၅ ရက် ညနေပိုင်းကလည်း ဝူယန်ပြည်သူ့စစ်ဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်က လာရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013