Home
မြန်မာသတင်း
ဒုချုပ်စိုးဝင်း ဘယ်ရောက်နေလဲ တပ်တွင်းအရာရှိများကြား မေးခွန်းထုတ်
DVB
·
April 26, 2024
SoeWin_19042024

အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း လူမြင်ကွင်းကနေ ပျောက်နေတာ သီတင်း ၃ ပတ်နီးပါးရှိလာပြီး စစ်တပ်တာဝန်ရှိသူတွေက ရေရေရာရာ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိတဲ့အပေါ် တပ်ထောက်ခံသူတွေကြားမှာရော တပ်တွင်းက အရာရှိတွေကြားမှာပါ ဒုချုပ်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်နေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယအာဏာအရှိဆုံး ပုဂ္ဂိလ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လူမြင်ကွင်းကို ထွက်မလာတာ ဧပြီ ၉ ရက်ကနေ ဧပြီ  ၂၆ ရက်အထိဆိုရင်  ၁၇ ရက် ရှိခဲ့ပါပြီ။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်က မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ မြဝတီရှိ ကူရာမဲ့နေတဲ့ စစ်တပ်ကို စစ်ကူပေးဖို့  ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်ကာ ကစထမှူးနဲ့ တိုင်းမှူး၊ တပ်မမှူးတွေ စုပေါင်းကာ အစည်းအဝေးလုပ်နေချိန် ရှားထူးဝေါ် နည်းပညာ တပ်ဖွဲ့လက်အောက်က  Alpha Bats Drone Force အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် လူမြင်ကွင်းမှာ သူ့ကို မတွေ့ရတော့တာပါ။

ဧပြီ ၃ ရက်က ဗထူးမြို့မှာ ကျင်းပခဲ့တဲ့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၁၂၇ သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို တက်ရောက်ခဲ့တဲ့သတင်းဟာ ဒုချုပ်စိုးဝင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီ မီဒီယာတွေမှာ နောက်ဆုံးဖော်ပြခဲ့တဲ့သတင်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြီးတဲ့နောက် အာဏာအရှိဆုံးသူ ဖြစ်နေတဲ့  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ အခြေအနေနဲ့ပတ်သတ်ပြီး စစ်တပ်အတွင်းမှာလည်း မေးမြန်းမရဘဲ ဖြစ်နေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

စစ်ရုံးချုပ်နဲ့ စစ်ကောင်စီရုံးတွေမှာ  အခုရက်ပိုင်းပြုလုပ်တဲ့ အစည်းအဝေးပွဲတွေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဗိုလ်ချုပ်ကြီးမိုးအောင်တို့သာ တက်ရောက်ခဲ့ပြီး ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို မတွေ့ရလို့  တပ်တွင်းမှာ မေးမြန်းမှုတွေ စတင်ခဲ့တာလို့ နေပြည်တော်မှအရာရှိငယ်တဦးက DVB ကို ပြောပါတယ်။ 

“အပြင်က လူတွေသိချင်သလို တပ်ထဲမှာလည်း ဒုချုပ် ဘယ်ရောက်နေလဲဆိုတာ အကုန်သိချင်ကြတယ်။ တပ်ရင်းမှူးအဆင့်တောင် မသိဘူး။ တပ်ဘက်ကလည်း တိကျတဲ့ အဖြေကို ထုတ်ပြန်တာမရှိဘူး။ သေလား၊ ရှင်လားဆိုတာ တချို့က ရတခမှာထိုင်ပြီး စစ်ဆင်ရေးကို ဦးဆောင်နေတယ်လို့ ပြောတယ်။ ရတခဘက်က အသိတွေမေးကြည့်တော့ အဲမှာလည်း မရှိဘူးလို့ ပြောတယ်။”

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပျောက်နေချိန် တဖက်မှာတော့ စစ်ကောင်စီအရာရှိကြီးတွေဟာ ထိပ်ပိုင်းခေါင်းဆောင်တွေသာ တက်ရတဲ့ အစည်းအဝေးတွေ၊ နိုင်ငံတကာဆက်ဆံရေးတွေကို ဆက်တိုက်လုပ်နေပါတယ်။

ရုရှားမှာကျင်းပတဲ့ ၁၂ ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးကို ဧပြီ ၂၁ ရက်က ဗိုလ်ချုပ်ကြီးမိုးအောင် တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပုံမှန်တက်ရောက်နေကြဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) ကို နေပြည်တော်မှာ ဧပြီ ၂၂ ရက် လုပ်ခဲ့ရာမှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုဗိုလ်ချုပ်ကြီးရာပြည့်အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ တက်ခဲ့ပေမဲ့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို မတွေ့ရတဲ့အတွက် ဒုကာချုပ်ကို ထောက်ခံသူတွေက စိတ်ပူနေကြတယ်လို့ တပ်ထောက်ခံသူတဦးက  ပြောပါတယ်။

“နိုင်ငံတော်အစည်းအဝေးပွဲတွေမှာ အမြဲတမ်းပါနေကျ ဒုချုပ်မပါတော့ စိတ်ပူတယ်။ ဒဏ်ရာရလို့ ဆေးကုနေရင်လည်း ရှက်စရာမဟုတ်ဘူး။ သတင်းကို ထုတ်ပြန်ပေးသင့်တယ်။ အခုက ပျောက်နေတာ နှစ်ပတ်လောက်ရှိပြီ။ တပ်လော်ဘီချန်နယ်တွေမှာ တင်နေတဲ့ပုံတွေက ပုံဟောင်း တွေ၊ အရင်က ရိုက်ထားတဲ့ပုံတွေ။ တပ်ထဲမှာလည်း ဒုချုပ်အပြောင်းအလဲရှိတယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်။”

စစ်ကောင်စီအရာရှိဟောင်းတွေကတော့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ မော်လမြိုင်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ အခြေပြုပြီး မြဝတီကို စစ်ကူပေးဖို့ ကိစ္စတွေကို စီစဉ်နေတယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

သတင်းတွေ ထွက်ပေါ်နေသလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ဒုချုပ်စိုးဝင်းနေရာကို အစားထိုးမယ်ဆိုတာလည်း ဖြစ်နိုင်ခြေနည်းတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“ဒုချုပ်စိုးဝင်းကို မင်းအောင်လှိုင်က အပြီးသတ် ပြောင်းမယ်ဆိုတာ ဖြစ်နိုင်ခြေ နည်းနေသေးတယ်။ ဒီနေ့မနက် ၉ နာရီထိ တပ်တွင်းသတင်းပေးတွေ ပေးတဲ့အနေအထားပါ။ သူ့ရဲ့ မအောင်မြင်တဲ့ အောင်ဇေယျစစ်ဆင်ရေးကိုလည်း ဆက်ကွပ်ကဲနေသေးတယ်လို့ သိရပါတယ်။ အဓိကက ဒုချုပ်စိုးဝင်းဟာ ကရင်ခွင်ကို အခြေပြုပြီး စစ်ဆင်ရေးစီမံချက်တွေဆွဲနေတယ်။ လုပ်နေတယ်။ တဖက်ကလည်း BGF တွေကို ဖိအားပေးတာ၊ ညှိတာတွေလုပ်နေတယ်လို့ ကျနော် သုံးသပ်ပါတယ်။”

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို ပုံမှန်ထမ်း ဆောင်နေတဲ့အကြောင်း ပြီးခဲ့တဲ့အပတ်က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကို ဖြေဆိုထားပါတယ်။

နေပြည်တော်နဲ့ တပ်တွင်းအသိုက်အဝန်းမှာတော့ ဒုကာချုပ်နေရာကို ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ ၃ ဦးထဲက တဦးကို ရွေးချယ်ခန့်ထားမယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

သီဟ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013