ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က ကရင့်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲဖြစ်ခဲ့တာကြောင့် ထိုင်းဘက်ခြမ်းကို ယာယီခိုလှုံလာတဲ့ မြန်မာစစ်ဘေးရှောင်တွေ အကုန်နေရပ်ပြန်ကုန်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
BGF နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူရဲ့ နှစ်ဖက်ကြား ဝင်ရောက် စေ့စပ်ပေးမှုကြောင့် ပစ်ခတ်တိုက်ခိုက်မှုတွေ ငြိမ်သက်သွားပြီး ယာယီစစ်ဘေးရှောင်တွေ အားလုံးပြန်ကုန်ပြီလို့ ထိုင်း MCOT သတင်းထောက်က နယ်မြေထဲကနေ တိုက်ရိုက်သတင်းပို့ပါတယ်။
ဧပြီ ၁၉ ရက်ညပိုင်းနဲ့ ၂၀ ရက်နေ့ တိုက်ပွဲကြောင့် သောင်ရင်းမြစ်ကနေ ထိုင်းဘက်ခြမ်း ထာ့ဆိုင်လွတ်အုပ်စု ဝမ်းတခင်းကျေးရွာဘက် တိမ်းရှောင်လာသူ ၃၀၀၀ လောက်ရှိပြီး လတ်တလော တိုက်ပွဲအခြေအနေ ငြိမ်သက်နေတာကြောင့် မိမိဆန္ဒနဲ့အညီ နေရပ်ကို အသုတ်လိုက်ပြန်နေကြတာမှာ ဧပြီ ၂၄ ရက် မနေ့ညနေပိုင်းကလည်း ကျန်ရှိသူ ၆၅၈ ဦး ထပ်ပြန်သွားကြပြီ ဖြစ်တယ်။
ထိုင်းနယ်ခြားစောင့်ရဲနဲ့ စစ်တပ်တွေက အပြန်ခရီးချောမွေ့အောင် ကူညီစီစဉ်ပေးပြီး သောင်ရင်းမြစ်ကို တချို့က လှေနဲ့ဖြတ်ကူးသလို၊ တချို့ ရေတိမ်တဲ့နေရာမှာတော့ ရေထဲ လျှောက်ပြီးပြန်ကြတယ်။ နောက်ဆုံးအသုတ် ဖြစ်တာကြောင့် ယာယီစစ်ဘေးရှောင်တွေ မကျန်တော့ဘူးလို့ ဆိုပါတယ်။
မြဝတီမြို့ပေါ် ဟိုတယ်၊ တည်းခိုခန်းနဲ့ အသိဆွေမျိုးအိမ်တွေမှာ လာရောက် တိမ်းရှောင် တည်းခိုနေသူတွေလည်း အမှတ် ၁ ချစ်ကြည်ရေးတံတားဘက်ကနေ တဖွဲဖွဲ နေရပ်ပြန်နေကြပြီး အဲဒီထဲမှာ ကာစီနိုရုံတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေလည်းပါတယ် လို့ ဆိုပါတယ်။
အခြေအနေတွေ စိတ်ချရလို့ ပြန်တာလားလို့ ထိုင်းသတင်းထောက်က မြန်မာအမျိုးသမီးတဦးကို မေးရာမှာ သူက ရှေ့ဆက်အခြေအနေ ဘယ်လိုဖြစ်မယ်ဆိုတာ မပြောတတ်ကြောင်း၊ လောလောဆယ် ငြိမ်သက်နေလို့ ပြန်တာဖြစ်တယ်၊ အိမ်ကိုလည်း ကြာကြာပစ်မထားချင်၊ ကလေးလည်း ကျောင်းအပ်ဖို့လိုတယ်လို့ ဖြေကြားပါတယ်။
မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ် ၁ မှာ ထိုင်းဘက်ကနေ မြန်မာ ဘက်ပြန်ဝင်လို့ရပေမဲ့ မြန်မာဘက်ကနေ ထိုင်းဘက်ကိုတော့ လာလို့မရသေးကြောင်း၊ မြန်မာ လ.ဝ.က ဌာနဘက်က နယ်စပ်ဖြတ်လက်မှတ် ထုတ်ပေးဖို့ စက်ကိရိယာ အခက်အခဲရှိနေသေးတယ်လို့ တံတားရှေ့ကနေ တိုက်ရိုက်သတင်းပို့နေတဲ့ ထိုင်းသတင်းထောက်က ပြောပါတယ်။
Source/ Photo: MCOT / AEC Thai News