ပြင်သစ်ရေလက်ကြားမှ ဗြိတိန်နိုင်ငံကို အင်္ဂလိပ်ရေလက်ကြားကနေ ဖြတ်ကူးဖို့ ကြိုးစားလာတဲ့ လူအပြည့်အကျပ်နဲ့ သင်္ဘောတစီးဟာ ဧပြီ ၂၃ ရက်မှာ နစ်မြုပ်ခဲ့ပြီး အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် တဦး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာစီရင်စုက ပြောကြားခဲ့ပါတယ်။
အထိတ်တလန့် ဖြစ်ပွားခဲ့ချိန်မှာ လှေငယ်ပေါ်မှာ ရွှေ့ပြောင်းနေထိုင်သူ ၁၁၂ ယောက်လောက် လိုက်ပါလာတယ်လို့ စီရင်စု တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေသဆိုင်ရာ တာဝန်ရှိသူကတော့ သင်္ဘော မတော်တဆမှုကနေ လူ ၄၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောဆိုပါတယ်။
အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော်လာဖို့ ကြိုးစားမှု အများအပြား ရှိနေတာကြောင့် တာဝန်ရှိ ပုဂ္ဂိုလ်က အလုပ်များတဲ့ မနက်ခင်းပဲလို့ ပြောကြားခဲ့ပြီးနောက်မှာ ကမ်းရိုးတန်းစောင့်တပ်ဟာ ပင်လယ်ပြင်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်ရေး လုပ်ငန်းစဉ်တွေအတွက် ဗြိတိန်မှာ ဆက်နေထိုင်မယ့်အစား ယူကေအစိုးရ အနေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို ရဝမ်ဒါကို စေလွှတ်ခွင့်ပြုတဲ့ ဥပဒေကို ဧပြီ ၂၂ ရက် ညပိုင်းက အတည်ပြုပေးလိုက်ပြီးနောက်မှာ ဒီဖြတ်ကူးမှုတွေ များပြားလာတာပါ။
ဒီအင်္ဂလိပ်ရေလက်ကြားဟာ ကမ္ဘာပေါ်မှာ အလုပ်အများဆုံး သင်္ဘောလမ်းကြောင်းတွေထဲမှ တခုဖြစ်ပြီး အားကောင်းတဲ့ ရေစီးကြောင်းတွေကြောင့် လှေငယ်တွေနဲ့ ဖြတ်ကူးခြင်းဟာ အန္တရာယ်များပါတယ်။
ဗြိတိသျှကမ်းရိုးတန်းကို ရောက်ဖို့ ကြိုးစားကြတဲ့ လူမှောင်ခိုသမားတွေဟာ ပုံမှန်အားဖြင့် စက်လှေတွေကို ဝန်ပိုဝန်လျှံ တင်လေ့ရှိတာကြောင့် ရွှေ့ပြောင်း နေထိုင်သူတွေကို ရေပေါ်မှာ ပစ်ထားခဲ့လေ့ရှိပြီးတော့ လှိုင်းပုတ်ခံရလို့ လွင့်သွားရမယ့် အန္တရာယ်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။
Source/Photo - REUTERS/Toby Melville