Home
နိုင်ငံတကာ
ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှုကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းရန် ကြိုးပမ်း
DVB
·
April 23, 2024
ThaiPM_23042024

ထိုင်းနိုင်ငံမှာ အာဏာသိမ်းမှုကာကွယ်ရေး ဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းဖို့ စီစဉ်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

အာဏာသိမ်းဖို့ ကြိုးစားတယ်လို့ သံသယရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ဝန်ကြီးချုပ်က ရာထူးကနေ ဆိုင်းငံ့ပိုင်ခွင့်ပေးဖို့ အဆိုပြုချက်တရပ်ကို ကာကွယ်ရေးကောင်စီက မီးစိမ်းပြခဲ့တယ်လို့ ကာကွယ်ရေးဒုဝန်ကြီး ဂျနွန်ချိုင်မွန်ခိုးလ်က ပြောပါတယ်။

ဧပြီ ၁၉ ရက်က ကာကွယ်ရေးဝန်ကြီး ဆွန်တင်ခလန်ဆန် သဘာပတိအဖြစ် တာဝန်ယူ ကျင်းပတဲ့ ကာကွယ်ရေးကောင်စီ အစည်းအဝေးမှာ အာဏာသိမ်းမှုကာကွယ်ရေး အဆိုပြုချက်ကို တင်ပြခဲ့တာလို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ စစ်ခုံရုံးကိစ္စတွေအပေါ် လွှမ်းမိုးတဲ့ ဥပဒေနှစ်ရပ်ကို ပြင်ဆင်ရေး အဆိုပြုချက်ကို ကောင်စီက အတည်ပြုပေးခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးတွေ ရာထူးတိုးပေးဖို့ စံသတ်မှတ်ချက် အသစ်တွေလည်း သတ်မှတ်ခဲ့ပါတယ်။

အရေးအပါဆုံးကတော့ အာဏာသိမ်းဖို့၊ အစိုးရကိုဖြုတ်ချဖို့ ကြံစည်တဲ့ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေကို ဝန်ကြီးချုပ်က အစိုးရအဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုချက်နဲ့ တာဝန်က ရပ်စဲပိုင်ခွင့်ကို ထည့်ထားတာဖြစ်ပါတယ်။

အာဏာသိမ်းမှုကာကွယ်ရေး ပြဋ္ဌာန်းချက်တရပ် သတ်မှတ်ဖို့ အာဏာရ ဖွေထိုင်းပါတီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုတာ ကြာပြီဖြစ်ပါတယ်။

အာဏာသိမ်းလိုက်တဲ့အခါ အခြေခံဥပဒေက ပျက်သွားတာကြောင့် အခြေခံဥပဒေထဲ ထည့်ရေးဖို့ကလည်း ခက်ခဲနေတာဖြစ်ပါတယ်။

ဒါကြောင့် တခြား တည်ဆဲဥပဒေတွေထဲမှာ ထည့်ပြီး ရေးဆွဲတဲ့ နည်းလမ်းကို ကြိုးစားလာတာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013