ကမ္ဘာပေါ်မှာ အမြင့်ဆုံးတိုက် ထိုင်းနိုင်ငံမှာတည်ဆောက်ဖို့ အရှေ့အလယ်ပိုင်းနဲ့ တရုတ်က ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်လည်းဖြစ် ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ ဆေထာထဝီးဆင်က ပြောကြောင်း thebangkokinsight သတင်းမှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ် ဆေထာက “တိုင်းပြည်ရဲ့စီးပွားရေး မြှင့်တင်ဖို့နဲ့ ပြည်သူတွေ ဝင်ငွေ အခွင့်အလမ်း ရှိစေဖို့အတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးခြင်းဟာ အရေးကြီးတယ်။ ကျနော် ဖူးကက်ကိုမသွားခင် ရှေ့က EMAAR Group, Broad Group နဲ့ Vatone Group စတဲ့ အရှေ့အလယ်ပိုင်းနဲ့ တရုတ်ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်၊ EMAAR ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ နည်းပညာနဲ့ ခေတ်မီအဆောက်အဦတွေကို တည်ဆောက်ရာမှာ နာမည်ကြီးတယ်၊ ဒူဘိုင်းက Non-Concrete ပုံစံ Burj Khalifa အဆောက်အဦကြီးကို တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီဖြစ်တယ်၊ ထိုင်းမှာလည်း တက်ခ်နိုလိုဂျီနည်းပညာနဲ့ စတီးချောင်းအသုံးပြုပြီး ကမ္ဘာပေါ်မှာ အမြင့်ဆုံးတိုက် ဆောက်ဖို့ ဆွေးနွေးခဲ့တယ်၊ အဲဒီတိုက်ကြီးထဲမှာ အဆင့်မြင့်ဟိုတယ်၊ အကြီးဆုံးကုန်တိုက်၊ ဘဏ္ဍာရေးအချက်အချာ၊ ပြည်သူ့ဝန်ဆောင်မှုဌာန စတာတွေရှိမယ်၊ အဓိကက နိုင်ငံခြားခရီးသွားဧည့်သည်တွေ ဆွဲဆောင်ဖို့ဖြစ်တယ်” လို့ ပြောပါတယ်။
အထက်ပါ ကုမ္ပဏီတာဝန်ရှိသူတွေက ဝန်ကြီးချုပ်ရဲ့ အစီအစဉ်တွေကို မှတ်သားထားပြီး ဖြစ်နိုင်ချေ လေ့လာတွက်ချက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
EMAAR Group က တည်ဆောက်ထားတဲ့ ဒူဘိုင်းက ထင်ရှားတဲ့ Burj Khalifa အဆောက်အဦကြီးမှာ အမြင့် ၈၂၈ မီတာ ရှိပါတယ်။ ထိုင်းနိုင်ငံက လက်ရှိ အမြင့်ဆုံးတိုက်မှာ ဘန်ကောက်က Magnolias Waterfront Residences Iconsiam အဆောက်အဦဖြစ်ပြီး အမြင့် ၃၁၈ မီတာ ရှိပါတယ်။