Home
မြန်မာသတင်း
ကော့ကရိတ်တိုက်ပွဲ၌ စစ်ကောင်စီတပ်က ဓာတုဗုံးဟုယူဆရသည့်ဗုံးများ အသုံးပြု
DVB
·
April 23, 2024
Kawkareik_23042024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဓာတုဗုံးလို့ ယူဆရတဲ့ ဗုံးတွေပါ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် မြို့တွင်းနေရာတချို့ကို စွန့်ခွာလိုက်ရတယ်လို့  တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

မြဝတီမြို့ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို KNLA ပူးပေါင်းစစ်ကြောင်းတွေက တားဆီးတိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ဧပြီ ၁၉ ရက်မှ ၂၁ ရက်အထိ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းတွေ အထိနာပြီး မြေပြင်နဲ့ ဝေဟင်ကနေ အဆက်မပြတ် တိုက်ခဲ့တဲ့အပြင် ဒရုန်းနဲ့ ဓာတုဗုံးလို့ ယူဆရတဲ့ ဗုံးတွေပါ အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။ ဒါက သမားရိုးကျစစ်ပွဲ မဟုတ်တော့ဘူးလို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးအင်အားစု တာဝန်ရှိသူတဦးက “ရဲဘော်တွေက ပစ္စည်းအစုံအလင်မရှိဘူး။ ရန်သူကိုခုခံဖို့က တော်ရုံမလွယ်တော့ဘူး။ အဲဒီမှာ အဆိပ်ငွေ့ရှူရှိုက်လိုက်မိတဲ့အခါမှာတော့ မူးဝေအော့အန်တယ်။ အားမရှိသလိုဖြစ်တဲ့အခါကျတော့ ရန်သူကို ဆက်ပြီး ခုခံတော်လှန်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်တော့ဘူး။ ဒါက သမားရိုးကျစစ်ပွဲ မဟုတ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့အနေနဲ့ တချို့နေရာတော်တော်များများ စွန့်ခွာလိုက်ရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀၀ နီးပါးသေဆုံးပြီး ကျားဖြူစစ်ကြောင်းဘက်က အဆိပ်ငွေ့ ရှူရှိုက်မိပြီး ၆၀ ကျော် ထိခိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒရုန်းတွေ၊ မီးလောင်ဗုံးတွေအပြင် လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူကို အများအပြား သုံးစွဲခဲ့တယ်လို့ တော်လှန်ရေး အင်အားစု တာဝန်ရှိသူက ပြောပါတယ်။

“ရန်သူက ဒရုန်းတွေ၊ မီးလောင်ဗုံးတွေ တအားသုံးတယ်။ နောက်ပြီးတော့ လေကြောင်းပစ်ကူတွေ ရှိတယ်။ အနောက်က လက်နက်ကြီးပစ်ကူတွေကလည်း တအားများတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ရှိတဲ့နေရာ အကုန်လုံး မှုန့်မှုန့်ကြေတယ်။ မြေပြင်ထိုးစစ်မှာ ရန်သူက အရမ်းရဲတင်းတာလည်း ပါတယ်။”

ဧပြီ ၂၂ ရက် မနက် ၅ နာရီလောက်က KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ခလရ ၂၇၅ နဲ့ စိမ်းလဲ့မြိုင်ကားဝင်းအတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မြို့ဝတီမြို့၊ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးမှာ တိုက်ပွဲတွေ ငြိမ်သက်သွားတာကြောင့် ထောင်နဲ့ချီတဲ့ စစ်‌ရှောင်ပြည်သူတချို့ ပြန်လည်ဝင်ရောက်နေထိုင်တာတွေ ရှိပါတယ်။

မြဝတီမြို့တွင်းမှာ သွားလာနေကြပေမဲ့ လုံခြုံမှုက ဘယ်နေရာမှ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

“မြို့ခံပြည်သူက တိုက်ချင်တိုက်တယ်၊ လာချင်လာတယ်။ ပြည်သူတွေက အများကြီး စိုးရိမ်တယ်။ ပြည်သူတွေက အမြဲတမ်း ဘာဖြစ်မလဲ စိုးရိမ်နေရတယ်။ လုံခြုံမှုက ဘယ်နေရာမှ မရှိဘူး။ ဖြစ်လာရင် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရမယ့်လူတွေချည်းပဲ။”

ဧပြီ ၁၂ ရက်က စတင်ပြီး ကော့ကရိတ် အာရှလမ်းအတိုင်း မြဝတီမြို့ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ဧပြီ ၂၁ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သံချပ်ကာကားတစီး၊ ​လေယာဥ်ပစ် စက်​သေနတ်တင် ယာဥ်တစီး၊ ပွိုင့် 5 စက်​သေနတ်တင်ထားတဲ့ ယာဥ်တစီးနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်ရမိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013