Home
မြန်မာသတင်း
အလည်ဗီဇာဖြင့်လာသည့် မြန်မာများ ထိုင်းလေဆိပ်တွင် အကြောင်းအမျိုးမျိုးပြ ငွေညစ်ခံနေရ
DVB
·
April 23, 2024
Thai 2342024

မြန်မာနိုင်ငံရဲ့ စစ်ရေး ပဋိပက္ခတွေနဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် ပြည်တွင်းက လူငယ်လူရွယ်တွေဟာ စစ်ကောင်စီ လက်အောက် စစ်မှုမထမ်းရရေး ပြည်ပနိုင်ငံတွေဆီ အကြောင်းအမျိုးမျိုးနဲ့ ရွှေ့ပြောင်းလာကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေဖော်ဝါရီလအတွင်းက ပြန်အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ လူငယ်တွေဟာ တရားဝင်ရော တရားမဝင် နည်းလမ်းတွေနဲ့ပါ ပြည်ပနိုင်ငံတွေဆီ အလုံးအရင်းနဲ့ ထွက်ခွာလာကြတာပါ။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်လာသူတွေထဲ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်တွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေး Immigration က လေဆိပ်မှာ တင်းတင်းကျပ်ကျပ် မေးမြန်း စစ်ဆေးတာတွေ လုပ်နေပါတယ်။

အလည်အပတ် ဗီဇာနဲ့ လာရောက်ကြတဲ့ လူငယ်တွေကို ဟိုတယ်ဘိုကင်နဲ့ အပြန် လေယာဉ် လက်မှတ် အတည်ပြုထားတဲ့ စာရွက်စာတမ်း မပြည့်စုံဘူးလို့ ယူဆရသူတွေကို ထိုင်းလေဆိပ် တာဝန်ရှိသူတွေက သီးသန့်အခန်းမှာ ခေါ်ယူ မေးမြန်းစစ်ဆေးတာပါ။

စစ်ဆေးပြီး အချက်အလက် မပြည့်စုံရင် မြန်မာနိုင်ငံကို ပြန်ပို့မယ့်အကြောင်း၊ ပြန်အပို့မခံချင်ရင် ငွေပေးရမယ်၊ ငွေပေးရင် ပြန်လွှတ်ပေးမယ်လို့ ပြောကြောင်း ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

တဦးကို အနည်းဆုံး ဘတ်ငွေ ၃၀၀၀ ကနေ ၆၀၀၀ လောက်အထိ Immigration officer တွေကို ငွေပေးခဲ့ကြရကြောင်း ကိုယ်တိုင် ကြုံခဲ့ရသူတွေက ပြောပါတယ်။

“ကျမတို့ Immigration မှာ တန်းစီတဲ့အချိန်မှာ ပတ်စ်ပို့အနီ ကိုင်တဲ့သူ အကုန်လုံး ဆွဲခေါ်သွားတယ်။ အယောက် ၂၀ လောက် ရှိတယ်ပေါ့နော်။ ရဲတွေ စစ်ဆေးတဲ့ ကောင်တာမှာ ထိုင်ခိုင်းထားတယ်။ တယောက်ချင်းစီ စစ်လိုက် ခေါ်လိုက်နဲ့ တယောက်ချင်းစီ ထုတ်သွားတယ်။ ကျမတို့ စာရွက်စာတမ်းမှာ ဘာတွေ လိုအပ်လို့လဲ မေးတော့ နင့်အလှည့် မရောက်သေးဘူးဆိုပြီး ပြောတယ်။ နောက်ဆုံး ၆ ယောက် ကျန်တဲ့အချိန်မှာ သူတို့ ကောင်တာမှာ ရဲ ၃ ယောက်လောက်ပဲ ကျန်တယ်။ အဲ့ဒီချိန်မှာ ကျမတို့ကို ဒီစာရွက်မှာ လက်မှတ်ထိုး ညတွင်းချင်း လေယာဉ်နဲ့ ပြန်ပို့မယ် ပြောတယ်။ ကျမတို့ကို လက်မှတ် ထိုးခိုင်းတယ်။ ကျမတို့က အချိန်ကလည်း အရမ်းကြာနေပြီလေ။ ကျမတို့ ၃ ယောက်ပဲ ကျန်တော့ ပိုက်ဆံပေးမှာလားဆိုပြီး ခုံမှာ ထိုင်ခိုင်းပြီး ပိုက်ဆံပေးခိုင်းတယ်။ ကျမတို့က ၃ ယောက်ဖြစ်တဲ့တွက် ၉၀၀၀ လို့ ပေးတော့ အရှေ့က ကောင်လေး ပေးသွားတဲ့ ပိုက်ဆံရေပြီး ကျမတို့ကို ၁၀၀၀ စီ ထပ်တောင်းတယ်။ အဲ့လိုတွေ ကြုံခဲ့ရတယ်”လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွင်း ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်မှာ ကိုယ်တိုင်ကြုံခဲ့ရသူ တယောက်က ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆေထားထဝီဆင်က မြန်မာနိုင်ငံသားတွေ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကို တရားဝင်လာရင် ကြိုဆိုမှာဖြစ်ပြီး တရားမဝင် ဝင်ရောက်လာရင်တော့ တည်ဆဲဥပဒေတွေအရ အရေးယူသွားမယ်လို့ ဖေဖော်ဝါရီလအတွင်းက ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာလည်း ထိုင်းနိုင်ငံတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ရောက်လာသူတွေကို ထိုင်းအာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် ဖမ်းဆီးစစ်ဆေးပြီး၊ ဥပဒေကြောင်းအရ အရေးယူတာတွေ ရှိသလို မြန်မာနိုင်ငံဘက်အခြမ်း ပြန်ပို့တာတွေလည်း ရှိနေပါတယ်။

ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ လာရောက်မယ်ဆိုရင် တရားဝင် လမ်းကြောင်းကနေသာ လာရောက်ဖို့နဲ့ မဖြစ်မနေ တရားမဝင် ရောက်လာကြသူတွေ အထောက်အထား ရရှိအောင် ကြိုးစားနေထိုင်ကြဖို့ ထိုင်းရောက် အလုပ်သမားအရေး လုပ်ဆောင်သူတွေက အကြံပေးပါတယ်။

အလည်အပတ် ဗီဇာနဲ့ ရောက်လာကြတဲ့ မြန်မာလူငယ်တွေကို ဘန်ကောက်က သုဝဏ္ဏဘူမိနဲ့ ဒွန်မောင်း လေဆိပ်တို့မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတွေက တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး၊ မြန်မာနိုင်ငံဘက် ပြန်ပို့မခံချင်ရင် တဦးကို ဘတ်ငွေ ၅၀၀၀ ကနေ ၆၀၀၀ လောက်အထိ ပေးရတယ်လို့ ကိုယ်တိုင် ကြုံရသူတွေက ပြောပါတယ်။

“လေယာဉ်ဆင်းဆင်းချင်း Immigration သွားတဲ့လမ်းမှာ စစစ်ခံရတာ။ ရဲအရာရှိ ၄ ယောက်လောက်က အဲ့လမ်းမှာ တန်းပြီး စောင့်တာ။ ကျနော် ထင်တာ ကျနော်တို့ ကိုင်ထားတဲ့ ပတ်စ်ပို့က အနီရောင်တွေကြောင့်မို့နဲ့ နောက်ပြီး လူပုံစံတွေကို ကြည့်ပြီး ခွဲတာ ထင်တယ်။ တခြား နိုင်ငံခြားသားတွေဆို မစစ်ဘူး ပေးသွားတယ်။ ကျနော်တို့ကို ဘေးကပ်ရပ်ခိုင်းပြီး အဲ့လမ်းမှာ ၈ ယောက်လောက်ကို ဝိုင်းစစ်တယ်။ ကျနော်တို့ကို မေးတယ်။ မင်းတို့ ဒီကို ဘာလာလုပ်တာလဲ။ ဘာအလုပ်လုပ်တာလဲ မှန်မှန်ဖြေဆိုပြီး စစ်တယ်။ Immigration မှာ ကျနော်တို့လို အစစ်ခံရသူတွေ အများကြီးပဲ။ တယောက်ကို ၅၀၀၀ စီ ပေးရတယ်။ တချို့ကလည်း ၂၀၀၀၊ ၃၀၀၀ ပေးရတယ်” လို့ အသက် ၂၅ နှစ်အရွယ် ကိုညီညီ (အမည်လွှဲ) က ဒီဗွီဘီကို ပြောပါတယ်။

အခုလို ငွေညစ်တောင်းခံမှုတွေဟာ ထိုင်းလေဆိပ်အတွင်းမှာ ရှိတဲ့ မြန်မာစကားပြန် ပွဲစား အမည်ခံတွေနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေ၊ ဝန်ထမ်းတွေ ပူးပေါင်း လုပ်ဆောင်ကြတာလို့ ကိုယ်တိုင်ကြုံရသူတွေနဲ့ ပြည်ပ ခရီးသွားလုပ်ငန်းအေးဂျင့် လုပ်ကိုင်သူတွေက ပြောပါတယ်။

“ကျနော့်အလှည့်မှာ ခေါ်တွေ့တဲ့အချိန်မှာ သူက ပြောတယ်။ ကျနော့်ရဲ့ ဘိုကင်စာရွက်တွေက အတုတွေတဲ့။ အပြန်လက်မှတ်တွေကလည်း အတုတွေ ဖြစ်နေတယ်တဲ့။ ကျနော် ယူသွားတာတော့ အပြန်လက်မှတ်ရော၊ ဘိုကင်လက်မှတ်ရော ငွေချေပြီးသား အစစ်တွေ ယူသွားတာ။ ပြန်စစ်ဆေးပေးဖို့ ပြောတော့ သူတို့က အချိန်မရှိဘူးတဲ့။ စစ်ဆေးထားသလောက် အတုတဲ့။ သူ့ဆီက အကူညီယူမလား။ မဟုတ်ရင် မင်းတို့ မြန်မာနိုင်ငံကို ပြန်ပို့ရလိမ့်မယ်လို့ ပြောတယ်။ အဲဒါကို စိုးရိမ်ရင် သူကူညီပေးရမလား မေးတယ်။ သူက ငွေလိုချင်လို့ ပြောနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကျနော် ငြင်းလည်း အချိန်ကြာနေမှာစိုးလို့ ကူညီပါ ပြောတာ သူက အခု ချက်ချင်း တုံးထုလို့ရအောင် လုပ်ပေးမယ်ဆိုပြီး ကျနော့် စာရွက်စာတမ်းတွေ လက်ထဲ ပြန်ပေးတယ်။ အဲဒါနဲ့အတူ ဘတ် ၃၀၀၀ ထည့်ပြီး ပြန်ပေးလို့ ပြောတယ်။ ကောင်တာရှေ့မှာတော့ လူသိပ်မရှိဘူး။ ကျနော်လည်း သူပြောတဲ့ ၃၀၀၀ ကို စာရွက်ထဲ ညှပ်ထည့်ပေးလိုက်တော့ ပြေလည်သွားတယ်” လို့ ထိုင်းကို အလည်အပတ် ဗီဇာနဲ့ ရောက်လာသူတယောက်က ပြောပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ စစ်ရှောင်ဦးရေ မြင့်တက်လာသလို နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် ပြည်ပ ထွက်ခွာသူ ပိုတိုးလာပါတယ်။ စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှာ ပြည်ပနိုင်ငံတွေဆီ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာသူတွေ စံချိန်တင် မြင့်မားလာပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာအရေအတွက် ၆.၈ သန်းကျော် ရှိတယ်လို Media Intelligence Group က စစ်တမ်း ထုတ်ထားပြီး၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနကတော့ အထောက်အထားရှိတဲ့ မြန်မာအလုပ်သမားဦးရေ ၂.၁ သန်း ဝန်းကျင် ရှိတယ်လို့ ဒီနှစ်အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013