Home
မြန်မာသတင်း
ကိုရီးယားသွားရန် ငွေသွင်းထားသူများ ငွေပြန်ထုတ်မရသဖြင့် အငြင်းပွားမှုဖြစ်
DVB
·
April 23, 2024
workers 2342024

တောင်ကိုရီးယားနိုင်ငံကို ရာသီချိန် လုပ်သားပို့ပေးမယ်ဆိုလို့ ကြိုတင်ငွေ ပေးသွင်းထားသူတွေ သတ်မှတ်ကာလအတွင်း မသွားရလို့ ငွေပြန်တောင်းရာမှာ မရတာကြောင့် အငြင်းပွားမှုတွေ ဖြစ်နေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံကို ရာသီချိန် လုပ်သားလွှတ်မယ်ဆိုပြီး ကြံ့ခိုင်ရေးပါတီက ဦးဆောင်လုပ်ဆောင်ခဲ့ပြီး ပွဲစားတွေက လူစုဆောင်းပေးခဲ့တာဖြစ်ပါတယ်။

အဲဒီလို ရာသီချိန် လုပ်သားအဖြစ် စည်းရုံးသိမ်းသွင်းခံရသူဦးရေဟာ သောင်းနဲ့ချီရှိပြီး တဦးကို အနည်းဆုံး ကျပ် ၅ သိန်းကနေ သိန်း ၁၀၀ နီးပါးအထိ ငွေပေးထားရတာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။

ကြိုတင်ငွေပေးသွင်းထားသူတဦးက “အခုက သွားရဖို့ မသေချာတဲ့ အခြေအနေ ဖြစ်နေလို့ ငွေပြန်တောင်းတာ ငွေလက်ခံထားသူတွေက ပတ်ရှောင်နေတယ်။ တချို့တွေကတော့ ငွေပြန်ရဖို့ အမှုဖွင့် တိုင်တာတွေရှိတယ်။ ပြဿနာတွေ တော်တော်တက်နေတယ်” လို့ ပြောပါတယ်။

ရာသီချိန် လုပ်သားပို့ပေးမယ်ဆိုပြီး ငွေရယူထားသူတွေက မတ်လမှာ အလုပ်သမား စပို့ပေးမယ်ဆိုပြီး အာမခံထားကြတာဖြစ်ပြီး အခုအချိန်အထိ ထူးခြားမှု တစုံတရာ မရှိတာကြောင့် ငွေပြန်တောင်းမှုတွေ ဆက်တိုက်ရှိလာနေတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

ပေးသွင်းငွေပြန်ရလိုသူတဦးက “ကျနော်တို့အုပ်စုက​တော့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်။ အခြေအနေကတော့ မထူးသေးဘူး။ ရရင်တောင် အပြည့်ပြန်ရမယ့် အနေအထား မရှိဘူး” လို့ ပြောပါတယ်။

ရာသီချိန် လုပ်သားလွှတ်ဖို့ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပတ်သက်သူတချို့ကတော့ သူတို့အနေနဲ့ အလုပ်သမားတွေဆီက ဆေးစစ်ခ၊ တပတ်သင်တန်းကြေး ၃ သိန်းခွဲနဲ့ အင်တာဗျူးဖောင်ကြေး တသောင်းကျပ်ပဲ ရယူထားတာဖြစ်ပြီး ကျန်အပိုငွေတွေက ပွဲစားနဲ့ပဲ ဆိုင်တယ်ဆိုပြီး တုံ့ပြန်တာတွေ လုပ်နေပါတယ်။

အခုလို လူသောင်းချီကို ရာသီချိန် လုပ်သားပို့ပေးမယ်ဆိုပြီး မစေလွှတ်နိုင်တာနဲ့ပတ်သက်လို့ ဦးဆောင်သူတွေဘက်က တစုံတရာ ရှင်းလင်းပြောကြားတာ မရှိတဲ့အပေါ် ငွေပေးသွင်းထားသူတွေက မကြေမလည် ဖြစ်နေကြတယ်လို့လည်း အဲဒီအလုပ်သမားတွေက ပြောပါတယ်။

ရာသီချိန်လုပ်သားမှာ အသက် ၁၈ နှစ်ကနေ ၅၀ နှစ်အထိ အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ E8 ဗီဇာနဲ့ ၈ လ လုပ်ကိုင်ခွင့်ရှိတာဖြစ်ပေမဲ့ တောင်ကိုရီးယားအစိုးရက မြန်မာနိုင်ငံက လုပ်သားတွေ ခေါ်မယ်လို့ ထုတ်ပြန်ထားတာ မရှိပါဘူး။

အဲဒီလုပ်သားခေါ်မယ်ဆိုရင် နှစ်နိုင်ငံ ဒေသန္တရအစိုးရချင်း MoU လက်မှတ်ရေးထိုးရမှာဖြစ်ပြီး လက်ရှိအချိန်အထိ လက်မှတ်ရေးထိုးထားတာ မရှိသလို မြန်မာရာသီချိန်လုပ်သား ခေါ်မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ရန်ကုန်မြို့ရှိ တောင်ကိုရီးယားသံရုံးက နှစ်ကြိမ်တိုင် ငြင်းဆိုထားပါတယ်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ EPS စနစ်နဲ့ လုပ်သားတွေကို ခေါ်ယူနေတာရှိပြီး လက်ရှိအချိန်ထိ လုပ်သား ၇၀,၀၀၀ ကျော် ရောက်ရှိ လုပ်ကိုင်နေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013