Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ထောင်ဝင်စာကို နေပြည်တော်အချုပ်ထောင်၌သာ လက်ခံ
DVB
·
April 23, 2024
su 2342024

နေရာပြောင်းရွှေ့ထားတယ်လို့ သတင်းတွေ အမျိုးမျိုးထွက်နေပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာကို နေပြည်တော် အချုပ်ထောင်မှာပဲ ဧပြီ ၂၂ ရက်က လက်ခံလိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

နေပြည်တော်အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက “နေပြည်တော်အချုပ်ထောင်မှာ အန်တီအတွက် ပစ္စည်းပို့တာကို လက်ခံတဲ့သူတွေရှိတယ်။ ခါတိုင်းလိုပဲ သူတို့လက်ထဲ အပ်ခဲ့ရတာ” လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ ဒုတိယဝန်ကြီးအဆင့် နေထိုင်တဲ့ အိမ်ရာတခုမှာ ရွေ့ပြောင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို နေပြည်တော်တိုင်းစစ်ဌာနချုပ်ထဲမှာ ထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက် မတိုင်ခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို အပူဒဏ်ကြောင့် လိုအပ်တဲ့ကာကွယ်မှုတွေ ပေးထားတာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတချို့ကို ဖြေဆိုပြီးနောက် နေရာပြောင်းရွှေ့လိုက်တယ်ဆိုပြီး သတင်းတွေထွက်လာတာ ဖြစ်ပါတယ်။

အခုလို ဖြေဆိုထားပေမဲ့ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ထားတယ်ဆိုတာ မပါသလို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါဘူး။

“သမ္မတကြီးအတွက် ထောင်ဝင်စာကတော့ သူ့မိသားစုပဲ သွားနေတာဆိုတော့ ဘာမှ မသိရဘူး” လို့လည်း အဆိုပါ အကျဉ်းထောင်နဲ့ နီးစပ်သူက ဆိုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ပုဒ်မမျိုးစုံတပ် တရားစွဲဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်နဲ့ ဦးဝင်းမြင့်ကို တောင်ငူထောင်တို့မှာ ချုပ်နှောင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃၃ နှစ်၊ ဦးဝင်းမြင့်ကို ထောင်ဒဏ် ၁၂ နှစ် အမိန့်ချထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013