Home
မြန်မာသတင်း
ဘီးလင်း‌နှင့် သာပေါင်းတွင် အရပ်သားများကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
April 24, 2024
BeeLinPolice_24042024
ThaPaungGate_24042024

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ဖုန်းဆိုင်ပိုင်ရှင်တဦးကို ဧပြီ ၂၁ ရက်က စစ်ကောင်စီတပ်သားတွေက PDF ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘီးလင်းမြို့မှာရှိတဲ့ Aplus Mobile ဖုန်းဆိုင်ပိုင်ရှင် ကိုအောင်‌နွေလှိုင်ဦးကို စစ်ကောင်စီတပ်သားတွေက PDF ထောက်ပို့တယ်ဆိုပြီး ဧပြီ ၂၁ ရက် နေ့လယ် ၁၂ နာရီကျော်က သူပိုင်တဲ့ ဖုန်း‌ဆိုင်မှာပဲ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

ဘီးလင်းမြို့ခံတဦးက “သူက ဖုန်းလည်းပြင်သလို ရောင်းလည်းရောင်းတယ်။ နေ့လယ်ပိုင်း ဆိုင်မှာအိပ်နေတဲ့အချိန် PDF ထောက်ပို့တယ်ဆိုပြီး ဖမ်းသွားတာ။ သူက ပုံမှန်ဆိုင် ရိုးရိုးသားသား ဒီတိုင်းပဲနေနေတာ။ တခြား နိုင်ငံရေးတွေ ဘာတွေတော့ မလုပ်ပါဘူး။ သူပိုင်တဲ့ဖုန်းပါ သိမ်းသွားတယ်။ သူ့ဖုန်းက ဆိုရှယ်အကောင့်တွေက ဒီနေ့ထိ မီးစိမ်းတုန်းပါပဲ။ ခုချိန် စကားလာပြောရင် သူမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေက ကိုအောင်နွေလှိုင်ဦးကို စစ်ကြောရေးခေါ်သွားတယ် ဆိုတာသာ စုံစမ်းသိရပြီး ဘယ်မှာစစ်ကြောနေတယ်ဆိုတာ မသိရသေးသလို အဆက်အသွယ်လည်း မရသေးဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေသလို အပြန်အလှန် ဖမ်းဆီးမှုတွေလည်း ရှိနေပြီး စစ်ကောင်စီကလည်း ဆိုင်ကယ် ၂ ယောက်စီးခွင့် ပိတ်ထားပါတယ်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာလည်း ကျီးပင်ကျေးရွာအုပ်စုက စစ်မှုထမ်းကိစ္စတွေမှာ အရပ်သားတွေအပေါ် ဖိအားပေးတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားနဲ့အထိုးခံရတာနဲ့ ပတ်သက်တယ်ပြီး ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲက စွပ်စွဲဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

ကျီးပင်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး အသက် ၄၀ ကျော်အရွယ် မြင့်လွင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်က နေအိမ်ထဲမှာ တဦးတည်းရှိနေတဲ့ အချိန် လူငယ်တဦးက လာရောက်ပြီး ဓားနဲ့ထိုးသွားတာလို့ ဆိုပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူး ဓားနဲ့အထိုးခံရတဲ့ ဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေလို့ စွပ်စွဲပြီး ဒေသခံ လူငယ် ၅ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဧပြီ ၁၉ ရက်မှာ လူငယ် ၂ ဦးနဲ့ ၂၀ ရက်မှာ လူငယ် ၃ ဦး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “၂ ရက်အတွင်း ၅ ယောက်ဖမ်းထားတယ်။ အဖမ်းခံရသူတွေကို ဘယ်မှာထားတယ် ဆိုတာတော့ မသိသေးဘူး။ ဓားနဲ့အထိုးခံရတဲ့ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကိစ္စတွေမှာ ဒေသခံတွေအပေါ် အရမ်းဖိအားပေးတယ်။ အမျိုးသား လူငယ်တွေချည်းပဲ အဖမ်းခံထားရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက “ဘယ်သူထိုးသွားမှန်းမသိဘဲ အခုတော့ စွပ်စွဲ ဖမ်းဆီးခံရတာ။ အိမ်တွေမှာ သွားဖမ်းတာ၊ အသက် ၂၀ ကျော်က ၃ ယောက်နဲ့ အသက် ၂၈ နှစ်လောက်ရှိတဲ့ လူငယ် ၂ ယောက်ပါ။ အခုအထိတော့ အမှုမဖွင့်ဘဲ ရဲစခန်းမှာပဲလို့ သိရတယ်” လို့ ပြောပါတယ်။

ဓားနဲ့အထိုးခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ဟာ ပြင်းထန်တဲ့ဒဏ်ရာ ၂ ချက်ထက်မနည်း ရရှိပြီး လက်ရှိ သာပေါင်းမြို့နယ်၊ အသုတ်မြို့၊ ဒေါင့်ကြီး တိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

အဲဒီ ဓားနဲ့အထိုးခံရတဲ့ မကျီးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ် မခန့်ခင်က ကြံ့ခိုင်ရေးပါတီရဲ့ ကျေးရွာစည်းရုံးရေးမှူးတဦးဖြစ်ပြီး စစ်မှုထမ်းကိစ္စ၊ ကျေးရွာလမ်းကိစ္စ၊ ဆိုင်ကယ်ဖမ်းတဲ့ကိစ္စနဲ့ ပန်းသပိတ် ကိစ္စတွေမှာ စစ်ကောင်စီတပ်ကို သတင်းအမှားပေးပြီး အရပ်သား အယောက် ၃၀ လောက်ကို ဖမ်းဆီးခိုင်းခဲ့တဲ့သူလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကလည်း ကျုံပျော်မြို့နယ်၊ မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖိုးဆောင်းဆိုသူ မဲဂရက်-ရွာခဲလမ်းမပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024