Home
မြန်မာသတင်း
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ကျောင်းသား၊ ကျောင်းသူများကို ရေကြောင်းနှင့် လေကြောင်း အခြေခံစစ်တန်းပေး
DVB
·
April 23, 2024
army training_23042024

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ကျောင်းသား၊ ကျောင်းသူတွေကို ဧပြီ ၂၃ ရက် ဒီနေ့မနက်မှာ ရေကြောင်းနဲ့ လေကြောင်း အခြေခံနဲ့ တန်းမြင့်သင်တန်းအတွက် သင်တန်းပေးနေတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြေ သင်တန်းခန်းမမှာ ဒီနေ့မနက်ပိုင်းက ရေကြောင်း၊ လေကြောင်း အခြေခံနဲ့ တန်းမြင့် စစ်သင်တန်းအတွက် ပြုလုပ်ခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။

“အသက် ၁၄ ကနေ အသက် ၁၆ နှစ်အတွင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေကို ရွေးခေါ်ပြီး စစ်သင်တန်းပေးတာ၊ သင်တန်းကာလ ၁ လကြာမယ်လို့ ကြားတယ်။”

နေပြည်တော်စစ်ရုံးချုပ်ရဲ့ ညွှန်ကြားချက်အရ အသက် ၁၈ နှစ်မပြည့်ခင် လူငယ်တွေကို ကြိုတင် စစ်သင်တန်းပေးထားပြီး စစ်မှုထမ်းဖို့ အသက်ပြည့်မီပါက ဝင်ရောက်တာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ထားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ကျောင်းသားထဲမှာ တော်တဲ့လူတွေကို ပညာရေးက စာရင်းကောက်ပေးရတယ်။ နေပြည်တော်စစ်ရုံးက အဲဒီထဲက လူထပ်ရွေးပြီး အခြေခံတက်ရမယ့်သူနဲ့ တန်းမြင့်တက်ရမယ့်သူကို ရွေးတာ။ ဆယ်တန်းပြီးတာနဲ့ တန်းပြီး စစ်မှုထမ်းလို့ရအောင် ရည်ရွယ်ထားပုံရတယ်။”

ဒီနေ့ပြုလုပ်တဲ့ ရေကြောင်း၊ လေကြောင်း အခြေခံနဲ့ တန်းမြင့်သင်တန်းကျောင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ သင်တန်းနည်းပြတွေ တက်ရောက်ခဲ့တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“မန္တလေးတိုင်းနဲ့ မကွေးတိုင်းက ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်ကို သင်တန်းပေးတာ မေလအထိ၊ သင်တန်းကာလက တလနီးပါးကြာမယ်။”

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ ရေကြောင်း၊ လေကြောင်း အခြေခံနဲ့ တန်းမြင့်သင်တန်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013