Home
မြန်မာသတင်း
ယာယီနယ်စပ်ဖြတ်လက်မှတ်ဖြင့် ဝင်လာသော မြန်မာ ၇၅ ဦးကို ထိုင်းကအဝင်မခံဘဲ ပြန်လွှတ် 
DVB
·
April 23, 2024
thai 2342024

ထိုင်း-မြန်မာနယ်စပ် တာချီလိတ် နဲ့ မယ်ဆိုင်ကြား နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ် ၁ မှာ ယာယီနယ်စပ်ဖြတ်လက်မှတ်နဲ့  ဝင်လာမယ့် မြန်မာနိုင်ငံသား ၇၅ ဦးကို  ထိုင်းအာဏာပိုင်တွေက အဝင်မခံဘဲ ပြန်လွှတ်လိုက်တယ်လို့ မယ်ဆိုင်သတင်းထောက်များအသင်း လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ 

တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားမှာ မြန်မာဘက်က လူ ၁၀,၀၀၀ ကျော် ဝင်ရောက်လာပြီး အဲဒီထဲမှာ လူကုန်ကူးခံရသူတွေ၊ တရားမဝင်အလုပ်သမားတွေပါ ပါလာနိုင်တာကြောင့် သေချာစိစစ်ဖို့ ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ရဲမှူးကြီး စူရဆဒ် ထိန်းထောင်းက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် နယ်စပ်ဂိတ်ဝန်ထမ်းတွေဟာ လူအဝင်အထွက် သေချာစစ်ဆေးနေရာမှာ ဧပြီ ၂၂ ရက် က ဝင်လာတဲ့ မြန်မာနိုင်ငံသား ၇၅ ဦးမှာ ယာယီနယ်စပ်ဖြတ် လက်မှတ်တွေရှိပေမဲ့ သူတို့ဟာ ချင်းမိုင် နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းဘက်ကို အလုပ်သွားလုပ်မယ်လို့ ဖြေဆိုကြတယ်။ 

သူတို့ဆီမှာ ထိုင်းနိုင်ငံထဲ လာရောက်လည်ပတ်မယ့် ငွေကြေး အပြည့်အစုံလည်း ပါမလာတာနဲ့ လူကုန်ကူးခံရသူတွေ ဖြစ်မှာစိုးရိမ်တာကြောင့် ထိုင်းဘက်ခြမ်းကို အဝင်မခံဘဲ ပြန်လွှတ်လိုက်တယ်လို့ စစ် ဆေးရေးဂိတ်တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။ 

ယာယီနယ်စပ်ဖြတ်လက်မှတ်မှာ နေ့ချင်းပြန် နဲ့  ၇ ရက် အမျိုးအစားရှိပြီး ချင်းရိုင်းခရိုင်တွင်းသာ လည်ပတ်နိုင်ပါတယ်။  နယ်ကျော်လိုပါက အကြောင်းပြချက်ထောက်ခံစာ (ဥပမာ ဆေးကုသမှတ်တမ်း) စတာတွေ လိုအပ်ပါတယ်။ 

မြန်မာနိုင်ငံဘက်က နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေး၊ လုံခြုံရေး အခက်အခဲတွေကြောင့် ပြည်ပထွက်ခွာသူတွေ နေ့စဉ်နဲ့အမျှ များပြားနေပြီး အိမ်နီးချင်းနိုင်ငံဘက် တရားမဝင် ဝင်ရောက်သူတွေလည်း မကြာခဏ အဖမ်းခံနေရပါတယ်။ 

ဧပြီ ၂၂ ရက် တရက်တည်းမှာဘဲ ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စုထဲမှာ တရားမဝင် မြန်မာ ၁၁ ဦး အဖမ်းခံခဲ့ရပါတယ်။ သူတို့ဟာ ကား ၂ စီးနဲ့ ဝင်ရောက်လာတာဖြစ်ပြီး  စစ်ဆေးရေးဂိတ်ကိုတွေ့တော့ ကားသမား ၂ ဦးဟာ သူတို့ကိုထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားပါတယ်။ 

သူတို့ဟာ ရန်ကုန်၊ မော်လမြိုင်၊ ရေး၊ မုဒုံ၊ ပဲခူး စတဲ့ဒေသတွေကဖြစ်ပြီး ဘန်ကောက် နဲ့ ချွန်းပူးရီးမှာ အလုပ်သွားလုပ်ဖို့ ဝင်လာတာလို့ ဆိုပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013