တောင်တရုတ်ပင်လယ်အရေး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာနေချိန်မှာ ဖိလစ်ပိုင်နဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁၇,၀၀၀ နီးပါး ပါဝင်တဲ့ ၃ ပတ်ကြာ စစ်ရေးလေ့ကျင့်မှုတရပ်ကို ဧပြီ ၂၂ ရက်မှာ စတင်ပြုလုပ်နေပါတယ်။
ဒီအထဲမှာ တောင်တရုတ်ပင်လယ်ပြင် ရေတပ်စစ်ရေးလေ့ကျင့်မှုလည်း ပါဝင်မှာဖြစ်ပါတယ်။
ဖိလစ်ပိုင်ရေပိုင်နက်ပြင်ပမှာ ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှုကျရင် ပြင်သစ်နဲ့ ဩစတြေးလျပါ ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။
နှစ်စဉ်ကျင်းပနေကျ ဘာလီကာတန် (ရင်ပေါင်တန်း) လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၂ ရက်ကနေ မေ ၁၀ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်တခွင်လုံးကို သမိုင်းအစဉ်အလာရ သူပိုင်တယ်လို့ တရုတ်အစိုးရက ကြေညာထားတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေပါတယ်။
အဲဒီထဲမှာ ဖိလစ်ပိုင်နဲ့ အတင်းမာဆုံး အခြေအနေ ရောက်ရှိနေပြီး ဖိလစ်ပိုင်ရေယာဉ်တွေကို ရေအမြောက်နဲ့ထိုး မောင်းထုတ်တာတွေပါ တရုတ်ဘက်က လုပ်ဆောင်ခဲ့ပါတယ်။
Source/Photo-Reuters