Home
နိုင်ငံတကာ
အမေရိကန်တက္ကသိုလ်များတွင် ဂါဇာစစ်ပွဲ ဆန့်ကျင်ဆန္ဒပြ၊ ကျောင်းသားအချို့ အဖမ်းခံရ
DVB
·
April 23, 2024
USStudentsProtest01_23042024

ဂါဇာစစ်ပွဲကို ဆန့်ကျင်ဆန္ဒပြမှုတွေဟာ အမေရိကန်က နာမည်ကျော် ကိုလံဘီယာနဲ့ ယေးလ်တက္ကသိုလ်တွေကနေ တခြားတက္ကသိုလ်ကြီးတွေကို ဆက်လက် ပျံ့နှံ့လာခဲ့ပါတယ်။

ဧပြီ ၂၂ ရက်မှာ ယေးလ်တက္ကသိုလ်က ကျောင်းသားတချို့ အဖမ်းခံခဲ့ရပြီး ကိုလံဘီယာတက္ကသိုလ်ကလည်း ကျောင်းကိုလာတက်ရတဲ့ အတန်းတွေကို ယာယီပိတ်ထားပြီး အွန်လိုင်းအတန်းတွေပဲ ဖွင့်ပေးထားပါတယ်။

အလားတူ စခန်းချဆန္ဒပြမှုတွေဟာ တခြားကျောင်းတွေကိုလည်း ပျံ့နှံ့လာခဲ့ပြီး ကာလီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေ၊ မီရှီဂန်တက္ကသိုလ်၊ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT)၊ အီမာဆင်ကောလိပ်၊ တက်ဖ်စ် စတဲ့ နာမည်ကြီး ကျောင်းကြီးတွေမှာပါ ဖြစ်ပွားနေပါပြီ။

ကျောင်းအာဏာပိုင်တွေဟာ အခြေအနေတွေ တင်းမာမလာအောင် ထိန်းချုပ်ဖို့ ဖိအားတွေ ရင်ဆိုင်နေရပါတယ်။

အစ္စရေး-ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ ဆန္ဒပြတာ၊ အမြင်မတူတဲ့သူတွေ ဆွေးနွေးငြင်းခုန်တာတွေ အမေရိကန်တက္ကသိုလ်ကြီးတွေမှာ အားကောင်းလာနေပါတယ်။

ဂျူးဆန့်ကျင်ရေးနဲ့ အစ္စလာမ်မုန်းတီးရေးလို ဆန့်ကျင်ဘက်အမြင်တွေရော ဖြစ်စဉ်တခုချင်းအပေါ် သဘောကွဲလွဲကြတာတွေရော ရှိနေပါတယ်။

ပြီးခဲ့တဲ့အပတ်က နယူးယောက်မှာရှိတဲ့ ကိုလံဘီယာတက္ကသိုလ်ကျောင်းဝင်းထဲ နယူးယောက်မြို့တော် ရဲတပ်ဖွဲ့ကို ခေါ်ပြီး ဆန္ဒပြသူတချို့ကို ဖမ်းခိုင်းကတည်းက အခြေအနေက ပိုတင်းမာလာခဲ့တာပါ။

တနင်္လာနေ့မှာတော့ ကွန်နက်တီကတ်ပြည်နယ်၊ နယူးဟဲဗန်က ယေးလ်တက္ကသိုလ်မှာ ကျောင်းသား ၅၀ လောက် အဖမ်းခံခဲ့ရပါတယ်။

အဖမ်းခံရသူတွေဟာ ထွက်သွားပေးဖို့ အကြိမ်ကြိမ်မေတ္တာရပ်ခံပေမဲ့ ငြင်းဆန်တဲ့သူတွေလို့ တက္ကသိုလ်ဘက်က ထုတ်ပြန်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013