ဒုတိယကမ္ဘာစစ်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ စစ်မှုထမ်း ဦးလေးဖြစ်သူကို လူသားစားလူရိုင်းတွေက စားလိုက်တာ ဖြစ်နိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့တဲ့ အပေါ် ပါပူအာနယူးဂီနီ ဝန်ကြီးချုပ် ဂျိမ်းစ်မာရာပီက ဝေဖန်လိုက်ပါတယ်။
ဒါ့အပြင် ဒုတိယကမ္ဘာစစ် အကျွင်းအကျန်တွေကို သူ့ရဲ့ ပစိဖိတ်ကျွန်းနိုင်ငံငယ်ကနေ ရှင်းလင်းပေးဖို့လည်း အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။
ဂျိုးဘိုင်ဒင်ဟာ စစ်အတွင်း ပျောက်ဆုံးသွားတဲ့ စစ်သည်တော်တွေအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်တခုကို သွားရောက်လည်ပတ်စဉ်မှာ သူ့ဦးလေး ပျောက်သွားတဲ့ကိစ္စကို ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက ဦးလေးဖြစ်သူရဲ့လေယာဉ် ပါပူအာနယူးဂီနီမှာ ပစ်ချခံခဲ့ရပြီးတဲ့နောက် အဲဒီတုန်းက လူသားစားလူရိုင်းတွေ အရမ်းများတော့ အစားခံလိုက်ရတယ် ထင်တယ်လို့ ဘိုင်ဒင်က ပြောကြားခဲ့မှုဟာ စကားမှားသွားတာလည်း ဖြစ်နိုင်ပေမဲ့ သူ့နိုင်ငံဟာ ဒီလိုတံဆိပ်ကပ် မခံထိုက်ကြောင်း ဝန်ကြီးချုပ်က ဧပြီ ၂၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
“ပျောက်ဆုံးနေတဲ့ စစ်သည် အမ်ဘရို့စ်ဖင်နီဂန် ကိစ္စလိုဟာမျိုးတွေရဲ့ အဖြစ်မှန်ကို သိချင်ရင် ဒုတိယကမ္ဘာစစ် အကြွင်းအကျန်တွေကို ရှင်းလင်းနိုင်ရေးကိစ္စ အိမ်ဖြူတော်က ကိုင်တွယ်ဖို့ သမ္မတဘိုင်ဒင်ကို တိုက်တွန်းချင်ပါတယ်” လို့ ဝန်ကြီးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူ့နိုင်ငံဟာ သူတို့လုပ်တာလည်းမဟုတ်တဲ့ ပဋိပက္ခထဲကို မလိုအပ်ဘဲ ဆွဲသွင်းခံခဲ့ရတာ ဖြစ်ကြောင်း၊ ပါပူအာနဲ့ ဆော်လ်မွန်ကျွန်းစုတွေမှာ စစ်ကာလ လူသားအလောင်းတွေ၊ လေယာဉ်ပျက်တွေ၊ သင်္ဘောပျက်တွေ၊ ဥမင်တွေ၊ အခုချိန်အထိ လူသတ်နေနိုင်သေးတဲ့ စစ်ကျန်ဗုံးတွေ ရှိနေကြောင်း ဝန်ကြီးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters