Home
နိုင်ငံတကာ
လွတ်လပ်စွာထုတ်ဖော်ခွင့်ကို အမေရိကန် ချိုးဖောက်ဟု TikTok ကုမ္ပဏီ ဝေဖန်
DVB
·
April 22, 2024
TikTok_22042024

တရုတ်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်တဲ့ TikTok အစုရှယ်ယာတွေကို တနှစ်အတွင်း မရောင်းချရင် TikTok ကို အမေရိကန်မှာ ပိတ်ပင်မယ့် ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုလိုက်တာဟာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို ချိုးဖောက်ရာရောက်တယ်လို့ TikTok ကုမ္ပဏီက ဝေဖန်လိုက်ပါတယ်။

“အောက်လွှတ်တော်အမတ်တွေဟာ နိုင်ငံခြားနဲ့ လူသားချင်းစာနာမှု အကူအညီတွေရဲ့ အရေးပါမှုကို အကာအကွယ်ယူပြီး အမေရိကန်နိုင်ငံသား သန်း ၁၇၀ ရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပိုင်ခွင့်ကို ဖျက်ဆီးမယ့် ပိတ်ပင်တဲ့ ဥပဒေကြမ်းကို အတင်းအကျပ် အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ခဲ့ကြတာဟာ စိတ်မကောင်းစရာပါပဲ” လို့ TikTok ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ယူကရိန်း၊ အစ္စရေးတို့အတွက် အကူအညီတွေနဲ့အတူ TikTok ကိစ္စကိုပါ အမေရိကန် အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၆၀၊ ကန့်ကွက်မဲ ၅၈ မဲနဲ့ အတည်ပြုခဲ့ပါတယ်။

အထက်လွှတ်တော်ကပါ ထောက်ခံရင်တော့ ဥပဒေဖြစ်ဖို့ သေချာသွားပြီဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း လွှတ်တော်နှစ်ရပ်စလုံးသာ အတည်ဖြစ်ရင် သူလက်မှတ်ထိုးပေးမယ်လို့ ပြောထားပြီးဖြစ်ပါတယ်။

TikTok ရဲ့ မိခင်ကုမ္ပဏီဟာ တရုတ်ကုမ္ပဏီ ByteDance ဖြစ်တာကြောင့် တရုတ်အစိုးရက ညွှန်ကြားလာရင် အမေရိကန်က TikTok သုံးစွဲသူ သန်း ၁၇၀ ရဲ့ အချက်အလက်တွေကို မျှဝေပေးမှာကို အမေရိကန်က စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် TikTok ဟာ အမျိုးသားလုံခြုံရေးအန္တရာယ် ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီရော ရီပတ်ဘလစ်ကန်ပါတီကပါ မှတ်ယူထားပါတယ်။ ဘိုင်ဒင်အစိုးရကလည်း အလားတူ သဘောထား ရှိနေပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013