Home
မြန်မာသတင်း
ကျိုက်ထီးရိုး တောင်တက်ကားခများ ထပ်မံ ဈေးတက်
DVB
·
April 22, 2024
KyaikHteeYoe_22042024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာရှိတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီကို သွားရောက်မယ့် တောင်တက်ကားခနှုန်းထားတွေဟာ အခုလအတွင်း ထပ်မံဈေးတက်လာတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းတောင်ခြေမှ ကျိုက်ထီးရိုးတောင်ပေါ်ကို အရင်က နောက်ခန်း တဦး ကျပ် ၄,၀၀၀ နဲ့ ခေါင်းခန်း တဦး ကျပ် ၅,၀၀၀ သာရှိပေမဲ့ အခု ဧပြီကစပြီး နောက်ခန်း တဦးကို ကျပ် ၅,၀၀၀ နဲ့ ခေါင်းခန်း တဦး ကျပ် ၆,၀၀၀ ရှိလာတာပါ။

ကျိုက်ထီးရိုးခရီးသွားတဦးက “ဒီဇင်ဘာတုန်းက လာတာ ၄,၀၀၀ ပဲရှိသေးတယ်၊ အခု ၅,၀၀၀ ဖြစ်သွားတယ်။ ကျန်တာတွေလည်း အကုန်တက်ပါတယ်။ ဘုရားတခေါက်ဖူးမယ်ဆို ၁ သိန်းလောက်မပါဘဲနဲ့ သွားလို့မရပါဘူး” လို့ ပြောပါတယ်။

ကျိုက်ထီးရိုးတောင်တက်ကားခဟာ စစ်တပ်အာဏာမသိမ်းခင်က နောက်ခန်း တဦးကို ကျပ် ၂,၅၀၀၊ ခေါင်းခန်း တဦး ကျပ် ၃,၀၀၀ သာရှိခဲ့ပေမဲ့ အာဏာသိမ်းပြီး တောင်ပြန်ဖွင့်တဲ့ ၂၀၂၂ ခုနှစ်မှာ နောက်ခန်း တဦးကို ကျပ် ၄,၀၀၀၊ ခေါင်းခန်း တဦး ၅,၀၀၀ အထိ မြင့်တက်ခဲ့ပြီး အခု ဧပြီလမှာ  ထပ်မံမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ကျိုက်ထီးရိုးတောင်တက်ကားခ မြင့်တက်တာဟာ စက်သုံးဆီဈေး မြင့်တက်ခဲ့တာကြောင့် ဖြစ်တယ်လို့ တောင်တက်ကားမောင်းသမားတဦးက ပြောပါတယ်။

“စက်သုံးဆီတွေတက်လို့ မြှင့်လိုက်တာပါ။ အခုအကွာအဝေးနဲ့ ကားခကလည်း များတယ်လို့ မခေါ်ပါဘူး။ လက်ရှိ ဆီဈေးနှုန်းနဲ့ဆို ပုံမှန်ကျသင့်တဲ့ နှုန်းထားလောက်ပါပဲ။ ဘုရားဖူးများတော့ ဒီရက်ပိုင်း အခေါက်‌ေရ ပိုဆွဲရပါတယ်။”

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို အခုလအတွင်း ဘုရားဖူး‌ တနေ့ ပျှမ်းမျှ ၂,၀၀၀ ကျော် ဝင်ရောက်နေတာကြောင့် ဘုရားကိုမှီပြီး လုပ်ကိုင်စားသောက်နေရတဲ့ ဒေသခံတွေအနေနဲ့ အဆင်ပြေနေတယ်လို့ ‌ကျိုက်ထီးရိုးဒေသခံတဦးက ပြောပါတယ်။

ကျိုက်ထီရိုးဘုရားပွဲဟာ မြန်မာနိုင်ငံက ဘုရားပွဲတွေထဲမှာ ရက်အရှည်ဆုံး ဘုရားပွဲဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၂၉ ရက်) ကနေ လာမယ့်နှစ် ကဆုန်လပြည့်နေ့ အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013