Home
မြန်မာသတင်း
မြဝတီတွင် စစ်ရှောင်နေအိမ်များ ဖောက်ထွင်းခံရ
DVB
·
April 23, 2024
mya 2342024

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ် ၂ တံတား အနီးဝန်းကျင်မှာ စစ်ဘေးရှောင်နေကြသူတွေရဲ့  နေအိမ်တွေ ဖောက်ထွင်းခံရပြီး ပစ္စည်းတွေ ခိုးယူခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီ အမှတ် ၂ တံတားနားမှာ စစ်ကောင်စီတပ်သားတွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဧပြီ ၁၉ ရက်ကစပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာကြောင့် ဒေသခံအများအပြားဟာ မြဝတီမြို့ထဲနဲ့ မဲဆောက်ဘက်ခြမ်းကို စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

ဧပြီ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ တိုက်ပွဲတွေ ငြိမ်သက်သွားတာကြောင့် စစ်ဘေးရှောင်ရာကနေ ပစ္စည်းလာပြန်ယူတဲ့အခါ အိမ်တွေ ဖောက်ထွင်းခံထားရတယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“စစ်ဖြစ်တာငြိမ်သွားလို့ မှတ်ပုံတင်နဲ့ တခြားလိုတာတွေ လာပြန်ယူတာ၊ တအိမ်လုံး မွှေထားတာ ရစရာကိုမရှိဘူး။ ညီမအိမ်အသစ်ဆောက်ပြီး ၂ ရက်လောက်ပဲနေရပြီး စစ်ပြေးရတာ။ အိမ်ထဲမှာလည်း ပစ္စည်းတွေအများကြီး ထည့်ထားတာ။ အခု အကုန်မွှေခံထားရပြီး တန်ဖိုးရှိတာတွေလည်း ပျောက်နေတာ။ တခြားအိမ်တွေလည်း ဖောက်ခံရတယ်။”

မြို့ခံအများစု စစ်ရှောင်တဲ့အချိန်မှာ အခွင့်အရေးသမားတွေက အုပ်စုလိုက် ဂိုဏ်းတွေဖွဲ့ပြီး အိမ်ဖောက်ထွင်းမှုတွေ လုပ်ဆောင်နေတယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။

“မြဝတီမှာက အရင် အိမ်ဖောက်ထွင်းတဲ့ဂိုဏ်းတွေဆိုတာ သီးသန့်ရှိတယ်။ ၄ ယောက်အဖွဲ့ ဂိုဏ်းတခုကိုတော့ မနေ့ကမိသွားတယ်။ ၂ ယောက်ကတော့ ပြန်လွတ်သွားတယ်။ စစ်ဖြစ်တဲ့နေရာအတွင်းလောက်ထိ အဲလိုဂိုဏ်းတွေ ဖောက်မဖောက်တော့ သေချာမသိဘူး။ အိမ်တွေကတော့ ပစ္စည်းတွေ တော်တော်ပျောက်တာ။”

မြဝတီမြို့အနီးတဝိုက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေ ပြီးခဲ့တဲ့လကစပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာကြောင့် သင်္ကန်းညီနောင်နဲ့ အနီးအနား ကျေးရွာအပြင် မြဝတီမြို့ပေါ် ရပ်ကွက်တချို့က ဒေသခံအများအပြားလည်း ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပြီး အိမ်စောင့်မရှိတဲ့အတွက် နေအိမ်အများအပြား ဖောက်ထွင်းခံရပြီး ပစ္စည်းတွေ ခိုးယူခံခဲ့ရတယ်လို့ စစ်ရှောင်တွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013