Home
နိုင်ငံတကာ
ထိုင်ဝမ်တွင် အင်အား ၆ ဒသမ ၃ ရှိ ငလျင်နှင့် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်
DVB
·
April 23, 2024
TaiwanQuake_23042024

ထိုင်ဝမ်အရှေ့ပိုင်းက ငလျင်ကြီးဒဏ်ခံထားရတဲ့ ဟွေ့လျန်ကောင်တီမှာ ဧပြီ ၂၂ ရက် ညပိုင်းနဲ့ ၂၃ ရက် အစောပိုင်းမှာ အမြင့်ဆုံး အင်အား ၆ ဒသမ ၃ ရစ်ချ်တာစကေးရှိ ငလျင်အပါအဝင် နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်ခတ်သွားခဲ့ပါတယ်။

ဒါပေမဲ့ အသေးစားထိခိုက်မှုသာရှိခဲ့ပြီး အသေအပျောက်မရှိသလို ကမ္ဘာ့အကြီးဆုံး ချစ်ပြားထုတ်လုပ်တဲ့ ကုမ္ပဏီ TSMC ကလည်း လုပ်ငန်းလည်ပတ်မှုအပေါ် ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ပါတယ်။

ကျေးလက်ပိုင်းဖြစ်ပြီး လူနေကျဲတဲ့ ဟွေ့လျန်ကောင်တီ တဝိုက်မှာ ဧပြီ ၃ ရက်က အင်အား ၇ ဒသမ ၂ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နောက်ဆက်တွဲငလျင်ကြီးတွေ လှုပ်ခတ်တာ အကြိမ် ၁,၀၀၀ ကျော် ရှိသွားပါပြီ။

ညသန်းခေါင်ယံမှာ ထိုင်ဝမ်မြို့တော် တိုင်ပေ အပါအဝင် မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း နေရာအများအပြားမှာ အဆောက်အအုံတွေ လှုပ်ခတ်သွားတဲ့အတွက် လူတွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

ထိုင်ဝမ်မှာ ဒီတပတ်ထဲ မိုးသည်းထန်စွာရွာမယ်လို့ ခန့်မှန်းထားတဲ့အတွက် ဟွေ့လျန်ကောင်တီတဝိုက်မှာ နောက်ထပ် အခက်အခဲတွေ ရှိလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ဟွေ့လျန်မှာ လူမနေတော့တဲ့ ဧပြီ ၃ ရက်ကတည်းက ထိခိုက်ပျက်စီးထားတဲ့ အဆောက်အအုံနှစ်ခုဟာ ပိုထိသွားပြီး စောင်းလာတယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013