ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တွေအပေါ် စစ်ဆင်ရေးတွေမှာ အစ္စရေးရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို အမေရိကန်က စုံစမ်းနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည် လူ့အခွင့်အရေးအစီရင်ခံစာကို ထုတ်ဖော်ပြသရာမှာ အစ္စရေးနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် အမေရိကန်က စံနှုန်း ၂ မျိုး ထားရှိနေတယ်လို့ ပြောဆိုတာကို ဝန်ကြီး ဘလင်ကန်က သတင်းထောက်တွေကို ငြင်းဆိုခဲ့ပါတယ်။
“ဒီအစီရင်ခံစာက ရှင်းရှင်းလင်းလင်း ဖော်ပြထားတာကြောင့် အမေရိကန်ဟာ ကမ္ဘာတဝန်းက လူ့အခွင့်အရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကြည့်ရင်းနဲ့ လူတိုင်းအတွက် တူညီတဲ့စံနှုန်းကို ကျင့်သုံးကြောင်းနဲ့ မေးခွန်းထုတ်နေတဲ့ နိုင်ငံဟာ ရန်ဘက်၊ ပြိုင်ဘက်၊ မိတ်ဆွေ သို့မဟုတ် မဟာမိတ်ဖြစ်စေ မပြောင်းလဲကြောင်း” ဘလင်ကန်က ပြောပါတယ်။
အမေရိကန်ရဲ့ စစ်ရေးအကူအညီကို လက်ခံတဲ့ ဘယ်နိုင်ငံကိုမဆို တူညီတဲ့စံနှုန်းကို အတိအကျပဲ ကျင့်သုံးတယ်လို့လည်း ဆိုပါတယ်။
ပဋိပက္ခရဲ့ ပထမဆုံးနေ့ကတည်းကစပြီး အရပ်သားတွေအတွက် အကာအကွယ်တွေ တိုးမြင့်လာဖို့အတွက် တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်နေပြီး အရမ်းလိုအပ်နေတဲ့ ဂါဇာဒေသခံတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးဝေရာမှာ လွယ်ကူချောမွေ့အောင် လုပ်ဆောင်ပေးနေကြောင်းလည်း သူကပြောပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှု၊ အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲမှုတွေ ရှိလာရင်လည်း ပေါ်ပေါက်လာတဲ့ အဖြစ်အပျက်တွေအပေါ် ဌာနအတွင်း စစ်ဆေးနေတဲ့ လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။
ဝါရှင်တန်ဟာ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ အစ္စရေးရဲ့ နတ်ဇာ ယဟူဒါ တပ်ရင်းကို ပိတ်ဆို့အရေးယူဖို့ စီစဉ်နေကြောင်း ဧပြီ ၂၀ ရက်မှာ အက်ဆီယို့စ် သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့တာဖြစ်ပြီး အစ္စရေးစစ်တပ်ကတော့ အဲဒီလို အရေးယူဆောင်ရွက်မှု ဆိုတာတွေကို သတိမထားမိကြောင်း ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်က ဒီလိုခြေလှမ်းတွေကို စီစဉ်နေတယ်လို့ မီဒီယာတွေမှာ ဖော်ပြလာပြီး နောက်မှာတော့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သူဟာ အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အစ္စရေးစစ်တပ်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို တွန်းလှန်သွားမှာဖြစ်ကြောင်း ဧပြီ ၂၁ ရက်က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters