စစ်ဘေးရှောင် ပြည်သူဦးရေ ဆက်လက်များပြားလာနိုင်တာကြောင့် ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာစစ်ဘေးရှောင်ပြည်သူတွေကို လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထပ်မံပေးအပ်နိုင်ဖို့နဲ့ ကဏ္ဍပေါင်းစုံမှာပူးပေါင်း ဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။
ဧပြီ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် ထိုင်း-မြန်မာ နယ်စပ်တ လျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းကို ထွက်ပြေးခဲ့ရတဲ့ စစ်ဘေး ရှောင်ပြည်သူတွေအတွက် နေရာထိုင်ခင်း စီစဉ်ကာ လိုအပ်တဲ့ ကယ်ဆယ်ကူညီထောက် ပံ့မှုတွေ ပေးအပ်ခဲ့တဲ့ ထိုင်းအစိုးရ၊ ထိုင်းတော်ဝင် တပ်မတော်၊ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ တက်ခ်ခရိုင်တာဝန်ရှိသူတွေ အားလုံးကို မြန်မာပြည်သူတွေကိုယ်စား NUG အစိုးရက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းနဲ့ အိမ်နီးချင်းကောင်း ပီသတဲ့ အဆိုပါဆောင်ရွက်ချက်ကို မြန်မာပြည်သူတွေအနေနဲ့ အမြဲ အမှတ်ရနေမှာဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အရပ်သားပြည်သူလူထုနဲ့ အရပ် ဘက် အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံ့မှုတွေ၊ နေရာထိုင်ခင်းတွေ အရေးပေါ်လိုအပ်နေတဲ့ ပြည်သူတွေအတွက် ကူညီထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံထားတာပါ။
ဒါ့အပြင် NUG အစိုးရနဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ အနေနဲ့လည်း ထိုင်းအစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ မြန်မာပြည်သူတွေကို အကူ အညီပေးနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ အသင့်ရှိနေတယ် လို့လည်း NUG နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နဲ့ အနီးတဝိုက်ဒေသတွေမှာတော့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်အုပ်စုတို့အကြား ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နဲ့ တခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
Photo-AEC