Home
မြန်မာသတင်း
သံတွဲနှင့် တောင်ကုတ်မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
April 22, 2024
ThanTwe_22042024

ရခိုင်ပြည်နယ်၊ သံတွဲနဲ့ တောင်ကုတ်မြို့နယ်တို့ကို  ဧပြီ ၂၂ ရက် ဒီနေ့လယ်ပိုင်းက စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် ဗုံးကြဲ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲနဲ့ တောင်ကုတ်မြို့နယ်အစပ်နားမှာ ဗုံးကြဲပစ်ခတ်ခဲ့တာဖြစ်ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်သံတွေ ညနေပိုင်းအထိ ကြားရတယ်လို့ ဆိုပါတယ်။

သူဌေးတိုက်နယ် ဒေသခံတယောက်က “မနေ့ညကလည်း လေယာဉ်ဝဲတယ်။ ဒီမနက်လည်း လေယာဉ်လာဝဲတယ်။ နေ့လယ် ၁၂ နာရီလောက်မှာ အရင်တခါ ဗုံးကြဲခံရတဲ့ ပြင်ယောင်းရွာနားကို လေယာဉ်ကနေ သေနတ်နဲ့ ပစ်သွားတယ်။ ရွာထဲကို ကျည်ခွံတွေ‌တော့ ကျလာတယ်။ လူတွေလည်း ပြေးကြ ပုန်းကြပေါ့။ ထိခိုက်တာမျိုးတော့ မကြားမိသေးဘူး”လို့ ပြောပါတယ်။

ဧပြီ ၁၅ ရက် နေ့လယ်ပိုင်းက သံတွဲမြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ သူဌေးတိုက်နယ်၊ ပြင်ယောင်းရွားနားကို လေယာဉ်နဲ့ ဗုံး ၁၆ လုံးလောက် ကြဲချတိုက်ခိုက်ခဲ့သလို တောင်ကုတ်မြို့နယ်၊ ဟုန်းပေါက်ရွာဝန်းကျင်ကိုလည်း ဗုံးကြဲခဲ့တာပါ။

ဒီနေ့မှာလည်း သံတွဲနဲ့ တောင်ကုတ်မြို့နယ်အစပ်က ဒေါ်မြရွာနဲ့ ဟုန်းပေါက်ရွာဝန်းကျင်ကို လေယာဉ်နဲ့ ဗုံးကြဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “နေရာအတိအကျ မသိသေးဘူး။ ဟုန်းပေါက်နားက ဆည်နားကို ကြဲတယ် ထင်တယ်။ အဲဒီနားတလျှောက် ပုရစ်၊ ရေကောက်ရွာတွေဘက်လည်း ဖြစ်နိုင်တယ်။ အဆက်အသွယ်မရလို့ အသေအချာမသိရဘူး။ အခုအချိန်ထိ ပစ်ခတ်သံတွေနဲ့ လက်နက်ကြီး ပေါက်ကွဲတဲ့အသံတွေ ကြားနေရတယ်” လို့ ပြောပါတယ်။

အခု လေယာဉ်နဲ့ ပစ်ခတ်ခံရတဲ့ရွာ‌တွေဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန်းမ ဒေါ်ကြူကြူလှ နေထိုင်ခဲ့တဲ့ ဇီးကျွန်းရွာဝန်းကျင်မှာ ဖြစ်ပြီး ရေတပ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာပါ။

ဓာတ်ပုံ - ယနေ့ ဗုံးကြဲခံရသည့်နေရာဝန်းကျင် ပုံဟောင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013