Home
မြန်မာသတင်း
CNDF က ၃ နှစ်အတွင်း တိုက်ပွဲပေါင်း ၁၇၀ ကျော် ပါဝင်တိုက်ခိုက်၊ တပ်ဖွဲ့ဝင် ၄၈ ဦးကျဆုံး
DVB
·
April 22, 2024
CNDF-Military-Training-2_16042024

ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) ဟာ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်အတွင်း တိုက်ပွဲပေါင်း ၁၇၀ ကျော်မှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၄၈ ယောက် ကျဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

တပ်ရင်း ၁၀ ခု တပ်မဟာ ၄ ခုနဲ့ ဖွဲ့စည်းထားတဲ့ CNDF တပ်ဖွဲ့ဟာ ဖလမ်းဒေသမှာ အခြေစိုက် စစ်ရေးလှုပ်ရှားပြီး ချင်းပြည်နယ် အပေါ်ပိုင်းဒေသတွေမှာပါ ပူးပေါင်း စစ်ဆင်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကျူံးငိုင်း စစ်ဖက်ရေးရာပြောရေးဆိုခွင့်ရှိသူက “တပ်ဖွဲ့ရည်ရွယ်ချက်က ဖက်ဒရယ် ဒီမိုကရေစီရရှိရေးနဲ့ အာဏာရှင်အမြစ်ဖြတ်တိုက်ထုတ်ဖို့ ဖြစ်ပါတယ်။ CNDF က ဖလမ်းမြို့နဲ့ ကလေး ကဘော်မှာ အဓိက စစ်ရေးလှုပ်ရှားတယ်။ အခုတော့ တောင်ပိုင်းတို့၊ မင်းတပ်ဘက်တို့မှာ ကူညီပြီး ပူးပေါင်းတိုက်ခိုက်နေတာရှိတယ်” လို့ ပြောပါတယ်။

CNDF အခြေစိုက်တဲ့ ဖလမ်းမြို့နယ်နဲ့ အထက်ချင်းတွင်းဒေသမှာလည်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပြင် ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်လာနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO ကို ဖွဲ့စည်းတည်ထောင်တဲ့ သုံးနှစ်ပြည့် အခမ်းအနား ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) နဲ့  ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တပ်ဖွဲ့ကို ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ ကလေး ကဘော်ဒေသက လူငယ်တွေနဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

တပ်ဖွဲ့ တည်ထောင်ထားတဲ့ ၃ နှစ်တာကာလ စစ်ဆင်ရေးတွေအတွင်း မသန်စွမ်းဖြစ်ခဲ့ရတဲ့ တပ်ဖွဲ့ဝင် ၄၂ ယောက်အထိရှိခဲ့ပြီး သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက်ကိုလည်း ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ရဲဘော်တွေထဲမှာ မျက်စိကန်းတဲ့သူတွေ ရှိတယ်၊ အခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး မျက်မမြင်ကျောင်း ထားပေးတယ်၊ ခြေ၊ လက်အင်္ဂါဆုံးရှုံးသူက ၄၀ ကျော်ရှိတယ်၊ သူတို့ကိုတော့ ခြေတု လက်တုတွေ စီစဉ်ပေးတယ်၊ အခြားအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်လုပ်ကိုင်ပေးနေပါတယ်” လို့ CNDF အထွေထွေအတွင်းရေးမှူး ၁ တင်မီက ပြောပါတယ်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ နိုင်ငံသားတိုင်းမဖြစ်မနေစစ်မှုထမ်းရ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက် ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF ဆီ တပ်ဖွဲ့ဝင်အဖြစ် ရောက်ရှိလာသူ ၂၀၀ ကျော်ရှိပြီလို့ CNDF တာဝန်ရှိသူက ပြောပါတယ်။

တပ်ဖွဲ့ဝင်အဖြစ် ဆက်သွယ်ရောက်ရှိလာတဲ့ လူငယ်တွေကိုလည်း အခြေခံစစ်ပညာ သင်ကြားပို့ ချပေးထားပြီး သက်ဆိုင်ရာ တပ်ရင်းဌာနအလိုက် တာဝန်ထမ်းဆောင်စေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းက သီဘွားလ်စခန်းနဲ့ ဗာလ်းစခန်းကို CNDF တပ်ဖွဲ့က သိမ်းပိုက်ထားပြီး ကလေးကဘော်ဒေသ၊ မတူပီဒေသက စခန်းသိမ်းတိုက်ပွဲတွေကိုလည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

လင်းအိမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013