Home
မြန်မာသတင်း
မြဝတီတိုက်ပွဲ ပြည်သူ ထိခိုက်ဆုံးရှုံးမှုမများအောင် KNLA ပူးပေါင်းတပ်များ ပြန်ဆုတ်
DVB
·
April 22, 2024
Myawaddy AirStirke_22042024

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊  အမှတ် ၂ ချစ်ကြည်ရေးတံတားတိုက်ပွဲအတွင်း စစ်ကောင်ဘက်က လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် လုပ်ဆောင်လာတာကြောင့် ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုမများရအောင် ပြန်ဆုတ်ပေးခဲ့တယ်လို့ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။ 

ဧပြီ ၁၉ ရက် ညကစတင်ကာ တပ်ရင်းစွန့်ခွာထွက်ပြေးပြီး အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးမှာ ခိုလှုံနေတဲ့ ခလရ ၂၇၅ တပ်က စစ်ကောင်တပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်း  ​လေကြောင်းကနေ Y-12၊ Mi-35 နဲ့ Jet Fighter သုံးမျိုးလုံးသုံးပြီး လူ​နေအိမ်​တွေထဲကို တနေကုန်း  လိုက်ပစ်​နေတာကြောင့် လူထုထိခိုက်မှု​တွေရှိခဲ့ပြီး  ဆက်တိုက်​နေရင် ပြည်သူထိခိုက်မှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ မများ​ရအောင် ပြန်ဆုတ်​ပေးလိုက်တာလို့ ကေအန်ယူ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။ 

ဧပြီ ၂၂ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ မြဝတီမြို့တွင်းနဲ့အနီးဆုံးနေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတဦးက “ဒီမနက်မှာတော့ အကုန်ငြိမ်သက်ပြီး ပုံမှန်လှုပ်ရှားသွားလာနေတယ်။ ညက ၁ နာရီထိုးခါးနီး လေယာဉ်လာပြီး ပေါင် ၅၀၀ ၁ လုံးချသွားတယ်။ မြို့နဲ့ကို တော်တော်နီးတယ်။ နောက်ပြီးတော့ ၁ နာရီ ၁ မိနစ်မှာ တခါလာတယ်။ သူက သုံးလေးလုံးဆက်တိုက်ချတယ်။ သူက ပေါင် ၃၀၀ အားလောက်ရှိတယ်” လို့ ပြောပါတယ်။

တပ်ရင်းစွန်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့တိုက်ခိုက်ရာမှာ တိုက်ပွဲဖြစ်ပွားတဲ့​ တံတား ၂ နေရာဟာ ​ ထိုင်းနယ်စပ်နဲ့ မီတာ ၁၅၀၀ ​လောက်ပဲဝေးပြီး ပစ်ခတ်တဲ့​နေရာမှာ ကျည်တချို့ထိုင်းဘက်ကမ်းကို မ​တော်တဆကျမှာကိုလည်း ထိန်းခဲ့ရတယ်လို့ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၂၂ ​ယောက်​သေဆုံးပြီး ၃၅ ​ယောက် ဒဏ်ရာရတယ်လို့သိရပြီး တော်လှန် ရေးတပ်ဘက်က ၁ ယောက်ကျဆုံးကာ မစိုးရိမ်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ စစ်ဗျူဟာမှူးက ပြောပါတယ်။ 

တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ သောင်းရင်းမြစ်တဖက်ကမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ 

လက်ရှိမှာ မြဝတီမြို့အနီးတဝိုက် တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားတာကြောင့် စစ်ရှောင်ပြည်သူတချို့  နေရပ်ပြန်သွားကြတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်ကူညီပေးနေသူတဦးက “လောလောဆယ် ကျနော် ကိုင်ထားတဲ့ နွားခြံရယ် ဘုရားတောင် စခန်းရယ်က ပြန်သွားကြပြီ။ ဘယ်သူမှမရှိတော့ဘူး။ ရှိတာက ၃၆ ဂိတ်၊ ၁၄ ဂိတ်မှာ ရှိဦးမယ်။ အဲဒါက သူတို့ဘာသာ မပြန်ကြသေးတာ။ သုံးလေးရက်လောက်စောင့်ဦးမယ်။ ဘာဖြစ်မှန်းမသိဘူးဆိုပြီး ကျန်နေတာ။ ရေလယ်ကျွန်းမှာလည်း ၁၀၀ ကျော်လောက်ရှိသေးတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂၂ ရက်မှာလည်း ကော့ကရိတ်မြို့ တတန်ကူး (အာရှလမ်းမ) အ​ပေါ်ဘက်၊ KNU စိုက်ပျိုး​မွှေးမြူ​ရေးဇုန်​အနီးမှာ တိုက်ပွဲဖြစ်​နေပြီး စစ်ကောင်စီတပ်ဘက်က ဆက်တိုးဖို့ ကြိုးစား​​နေ​ပေမဲ့ အခုချိန်ထိ​တော့ တိုးလို့မရ​သေးဘူးလို့ တပ်မဟာ ၆ စစ်ဗျူဟာမှူးက ပြောပါတယ်။ 

ဧပြီ ၂၁ ရက်နေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သံချပ်ကာကားတစီး၊ ​လေယာဥ်ပစ် စက်​သေနတ်တင်ယာဥ်တစီး၊ ပွိုင့် ၅ စက်​သေနတ်တင်ထားတဲ့ ယာဥ်တစီးနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်ရမိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးခဲ့ပါတယ်။ 

အမှတ် ၂ တံတားတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၁၀ ယောက် ဝန်းကျင် သေဆုံးပြီး  ထိခိုက်သူအများအပြားရှိကာ မဲဆောက်ဆေးရုံမှာ ဆေးကုသမှုခံယူ နေသူတွေလည်း ရှိပါတယ်။

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024