Home
မြန်မာသတင်း
ကောလင်းနှင့် မိုးမောက်တွင် တိုက်ပွဲဖြစ်၊ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် နောင်ချိုမြို့က ဘုန်းကြီးကျောင်းများ ပျက်စီး
DVB
·
April 22, 2024
NaungChoMonastary02_22042024

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအလောင်း ၈ လောင်း တွေ့ရှိထားတယ်လို့ ကောလင်းခရိုင်၊ အမှတ် ၁ တပ်ရင်းကနေ သိရပါတယ်။

ကောလင်းမြို့အရှေ့ဘက် တဇူးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကောလင်းမြို့နယ် ကောလင်းခရိုင်၊ အမှတ် ၁ တပ်ရင်း၊ တာဝန်ခံတဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ မနေ့က ၂၁ ရက်နေ့ မနက်ပိုင်းကနေ ညနေအထိဆိုတော့ တနေကုန်လောက်နီးနီးပေါ့။ ‌ေ– ၈ လောင်း ကနဦး တွေ့ထားတယ်။ ဒီကောင်တွေဘက်က ဒဏ်ရာရတဲ့သူများလို့ ပြန်ဆုတ်သွားကြတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်က အသေအပျောက်များတဲ့အပြင် ဒဏ်ရာရတဲ့သူတွေလည်း များပြားတာကြောင့် ကောလင်းမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားစဥ်မှာ စစ်ကောင်စီတပ်ကို ဝန်းသိုဘက်ကနေ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေနဲ့ ပစ်ကူပေးနေလို့ တဇူးကျေးရွာ ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာလည်း ဧပြီ ၂၂ ရက် မနက်က  စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ပြီး စစ်ကြောင်းထိုးလာရင်း တိုက်ပွဲဖြစ်တာ။ ၄၃၇ တပ်ကနေ ထွက်လာတဲ့ စစ်တပ်နဲ့ KIA နဲ့ ခါနန်ရပ်ကွက်နားမှာ တိုက်ပွဲဖြစ်တာ။ လက်နက်ကြီးတွေနဲ့ချည်းထုတာ မရေတွက်နိုင်ဘူး။ သေနတ်သံတောင် သိပ်မကြားရဘူး” လို့ ပြောပါတယ်။

မနေ့က ဗန်းမော်မြို့ကနေ မိုးမောက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ခမရ ၄၃၇ တပ်မှ ပူးပေါင်းအင်အား ၁၀၀ ခန့်က မနက် ၈ နာရီလောက်မှာ လက်နက်ကြီးနဲ့ လှည့်လည်ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာက မနက် ၁၁ နာရီခန့်အထိ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက် အထိအခိုက်ကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်တာ မရှိသေးပါဘူး။

မိုးမောက်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်ကစတင်ပြီး စစ်ရေးတင်းမာနေကာ မိုးမောက်-လွယ်ဂျယ် ကားလမ်းမကြီးမှ ယော်ယုံ စစ်ကောင်စီတပ်စခန်း၊ စိန်လုံတောင် စစ်ကောင်စီတပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၄၀ ထက်မနည်းကို KIA တော်လှန်ရေးပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက်က လေ​ကြောင်းသုံး တိုက်ခိုက်ခဲ့တာကြောင့်  ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က သရက်ကုန်းကျေးရွာ၊ ဇာလီကျေးရွာနဲ့ ပါဟပ်ကျေးရွာက ဘုန်းကြီးကျောင်းတွေရဲ့ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်မှု မရှိဘူးလို့ MDY PDF ကနေ သိရပါတယ်။ 

နောင်ချိုမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) သိမ်းပိုက်ရရှိထားတဲ့ သရက်ကုန်းကျေးရွာ စစ်ကောင်စီတပ်စခန်းကို စစ်ကောင်စီတပ်က ပြန်ရရှိဖို့ ကြိုးစားနေတာကြောင့် ဧပြီ ၂၁ ရက်မှာ မြေပြင်တိုက်ပွဲလည်း ဖြစ်ပွားခဲ့တယ်လို့ MDY PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

“လက်ရှိအချိန်ထိတော့ သရက်ကုန်းကျေးရွာစခန်းကို ကျနော်တို့ဘက်က အပြည့်အဝ ထိန်းချုပ်ထားဆဲပါ။”

စစ်ကောင်စီတပ်က သရက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်၊ ဇာလီကျေးရွာ ဘုန်းကြီးကျောင်းကို ၂ ကြိမ်၊ ပါဟပ်ကျေးရွာ ဘုန်းကြီးကျောင်းကို ၂ ကြိမ် လေကြောင်းသုံး တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

သရက်ကုန်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို MDY PDF က ဧပြီ ၁၅ ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်သားအလောင်း ၂၁ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

MDY PDF သိမ်းဆည်းရမိထားတဲ့ သရက်ကုန်းစခန်းကို နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်က ပြန်ရရှိဖို့ အင်အားဖြည့်တင်းတာ၊ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် စစ်ရေးတင်းမာပြီး တိုက်ပွဲ ပြင်းထန်နေပြီး သရက်ကုန်းကျေးရွာနဲ့ အနီးနားကျေးရွာက ​ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013