Home
မြန်မာသတင်း
ကရင်နှင့် ကရင်နီပြည်နယ်တွင်း သတင်းရယူမှုကို ကန့်သတ်
နော်နိုရင်း
·
April 22, 2024
KNU_22042024

ကရင်ပြည်နယ်နဲ့ ကရင်နီ(ကယား) ပြည်နယ်တွေမှာ‌ ပြင်ပသတင်းမီဒီယာတွေ သတင်းရယူမှုနဲ့ ပတ်သက်ပြီး စည်းကမ်းတင်းကျပ် ကန့်သတ်ချက်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ  (IEC)တို့ ကနေ အသီးသီး ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ သတင်းယူမယ့် နိုင်ငံတကာ၊ ပြင်ပမီဒီယာတွေအနေနဲ့ KNU ထံ သတင်းယူခွင့်အတွက် မိမိတို့ရဲ့သက်သေခံအထောက်အထားပြည့်အစုံနဲ့ ခွင့်ပြုချက်တောင်းခံဖို့၊ KNU နဲ့ သက်ဆိုင်သော သတင်းတွေကို မေးမြန်းရေးသားဖော်ပြခြင်း မှတ်တမ်းရိုက်ကူးရာမှာ ခိုင်လုံမှုရှိတဲ့ သတင်းအချက်အလက်နဲ့ ပြောရေးဆိုခွင့်ရှိသူတွေရဲ့ ဖြေကြားချက်တွေကို အခြေခံပြီး ရေးသားတင်ပြကြဖို့ မတ် ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် KNU ရဲ့ ဗဟို၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အဆင့်အဆင့်တို့မှာ လုံခြုံရေးအရ သတ်မှတ်ထားတဲ့ နေရာတွေ၊ ရိုက်ကူးခွင့်ပိတ်ပင်ထားတဲ့နေရာဖြစ်စေ၊ ခွင့်ပြုချက်တောင်းခံမှုမှာ မပါဝင်တဲ့ အကြောင်းအရာတွေကို ရိုက်ကူးခွင့်မပြုကြောင်း တားမြစ်ထားပါတယ်။

အဖွဲ့အစည်းရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမဲ့ ပြုမူ လုပ်ဆောင်ချက်တွေကို ရှောင်ကြည်ဖို့၊ လိုအပ်ပါက ရိုက်ကူးထားတဲ့ ရုပ်သံတွေနဲ့ ဓာတ်ပုံတွေကို တာ၀န်ရှိသူတွေက  စစ်ဆေးဖို့ တောင်းခံလာပါက ပြသပေးဖို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် KNU အဖွဲ့အစည်းက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေ၊  ဓာတ်ပုံနဲ့ ရုပ်သံတွေကို ပြန်လည်အသုံးပြုလိုပါက KNU ထံ ခွင့်ပြုချက်တောင်းခံပြီး Credit ပေးရမယ်လို့ ထုတ်ပြန်ထားပါတယ်။

KNU ပြောခွင့်ရသူ ပဒိုစောတောနီးက “အထူးသဖြင့် ဒီကာလဟာ ပုံမှန်အခြေအနေတခုအောက်မှာ‌တော့ မဟုတ်ဘူးလေ။ တကယ်ကို ထူးခြားပြီးတော့ စစ်ပူချိန်လည်း ပြောလို့ရတယ်။ အဲဒါကြောင့် အဓိက ကျနော်တို့မှာလည်း တာဝန်ခံမှုနဲ့ တာဝန်ယူမှုအပိုင်းမှာ ကျနော်တို့ နယ်မြေထဲမှာရောက်ရှိလာတဲ့ ပြည်တွင်းရော၊ ပြင်ပရော သတင်းဌာနအသီးသီးကို ကျနော်တို့ဘက်က ဒီလို တာဝန်ယူမှု တာဝန်ခံမှုအပိုင်းမှာရှိသလို အခြားတဖက်မှာ ဆိုရင်တော့ သတင်းဌာန အသီးသီးကလည်း သက်ဆိုင်ရာသတင်းဌာန ကျင့်ဝတ်နဲ့အညီ တာဝန်ယူမှုတာဝန်ခံမှု လုပ်ဖို့လိုပါတယ်။ ဒါအားလုံးကို မဆိုသာသော်လည်း လက်ရှိ မြေပြင်မှာကြုံတွေ့နေရတဲ့ အနေအထား ခဏခဏဖြစ်နေတယ်။ အဲဒါကြောင့် မရှိမဖြစ် လိုအပ်တဲ့ အနေအထားတခုကြောင့် ဒီလိုထုတ်ပြန်ရတာ ဖြစ်ပါတယ်။ လိုအပ်ချက်အရ လုပ်ရပါတယ်။ လုံခြုံရေးအရလည်း လုပ်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အလားတူ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)ကလည်း ကရင်နီပြည်သို့ ရောက်ရှိလာကြတဲ့  ပြည်တွင်းပြည်ပ သတင်းမီဒီယာအပါအဝင် အလွတ်တန်းသတင်း ထောက်တွေအတွက်  မီဒီယာကျင့်ဝတ်နဲ့ဆိုင်တဲ့ အချက် ၇ ချက်ကို လိုက်နာဆောင်ရွက်ဖို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါအချက်တွေထဲမှာ ကရင်နီဒေသထဲရောက်ရှိလာကြတဲ့ ဘယ်တင်းမီဒီယာဌာနမဆို သက်ဆိုင်ရာ သတင်းဌာနရဲ့ ထောက်ခံစာနဲ့အတူ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီထံ အသိပေးအကြောင်းကြားဖို့၊   နေထိုင်ခွင့်နဲ့ ပတ်သက်ပြီး  သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်၊ ကျေးရွာအုပ်စုနဲ့  မြို့နယ် အုပ်ချုပ်ရေးတွေကို အသိပေးဖို့၊  မီဒီယာလုံခြုံရေးအတွက် သတင်းသွားရောက်ရယူလိုတဲ့နေရာကို သက်ဆိုင်ရာ တပ်မှူးတပ်ဖွဲ့တွေရဲ့  ခွင့်ပြုချက်နဲ့ သွားလာဖို့၊  မြေပြင် သတင်းသွားရောက်ရယူတဲ့အချိန်မှာ  သက်ဆိုင်ရာ သတင်းမီဒီယာတွေရဲ့ ယူနီဖောင်းကို ဝတ်ဆင်ဖို့နဲ့  ဝန်ထမ်းကတ်ပြသ သတင်းရယူခွင့် တောင်းခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်အတွင်း ရောက်ရှိလာကြတဲ့ ပြည်တွင်းပြည်ပမှ သတင်းထောက်တွေ အပါအဝင် အလွတ်တန်း သတင်းထောက်တွေအနေနဲ့ ဒီမီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်တွေကို လေးစားလိုက်နာခြင်း မရှိပါက သတင်းရယူခွင့်ကို ပိတ်ပင်တားမြစ်သွားမယ်လို့လည်း IEC က ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး ကရင်၊ ကရင်နီအပါဝင် ပြည်တွင်းစစ်နေရာအတော်များ များမှာ သတင်းရယူနေတဲ့ သတင်းထောက် ပြည့်ဘုန်းအောင်က “ဒီလိုမျိုးသတင်း မီဒီယာတွေအပေါ် သူတို့ဘယ်လိုပုံစံမျိုးနဲ့ လုပ်ချင်လဲဆိုတာ ကျနော်တို့က နားမလည်တော့ဘူး။ တခုခုဆိုရင် ဘယ်သတင်းကြောင့် အမှားဖြစ်သွားတယ်၊ ဘယ်သတင်းကြောင့် ထိခိုက်နစ်နာသွားတယ်။ ဆိုတာ ကျနော်တို့က ရှင်းရှင်းလင်းလင်း အဲဒီတခုချင်းစီကို တာဝန်ယူမှုတာဝန်ခံမှုနဲ့ ဖြေရှင်းလို့ရတယ်။ အဲလိုမှမဟုတ်ဘဲ ဒီလိုစာထုတ်ပြီး အကုန်လုံးကို ကန့်သတ်ချက်တွေ လုပ်လိုက်တဲ့အခါမျိုးကျရင် ကျနော်တို့ မြေပြင်မှာဆင်းပြီးတော့ သတင်းယူရတဲ့ဟာတွေ အများကြီး အကန့်အသတ်ကိုဖြစ်သွားတယ်။ အဓိကကတော့ဗျာ ပြည်သူလူထုဆီ သတင်းမှန် စီးဆင်းမှု ထိခိုက်နစ်နာသွားတယ်လို့ ကျနော်ကမြင်တယ်။ ဘာကြောင့်လဲဆိုရင် ဒီအခြေအနေမှာ လူတွေ တော်ရုံသတင်းမီဒီယာအနေနဲ့ ဆက်မလုပ်နိုင်တဲ့ အခြေအနေမှာရှိတယ်။ ရှိနေတဲ့ လက်တဆုပ်အင်အားစုလောက်က ဆက်လုပ်နေရတာ။ အဲဒီအချိန်မှာ တိုက်တွေကလည်း မြေပြင်ကိုဆင်းပြီး သတင်းယူရင်နှီးမြှုပ်နှံဖို့ အခြေအနေအမျိုးမျိုးကြောင့် မပေးနိုင်ဘူး။ ရှိတဲ့သတင်းထောက်အချို့ တကယ်မြေပြင်ဆင်းပြီး အောက်ခြေမြေပြင်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာယူနေချိန် ဒီလိုအဖွဲ့အစည်းတွေက မြေပြင်ဆင်းတဲ့ သတင်းထောက်တွေကို အဲလိုကန့်သတ်ချက်လုပ်လိုက်တဲ့အပေါ်မှာ‌တော့ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်အများကြီးကို နစ်နာသွားစေတယ်” လို့ ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေ စုပေါင်းဖွဲ့စည်းထားတဲ့  “လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ” (Independent Press Council Myanmar-IPCM) ဥက္ကဋ္ဌ နန်းဖောဂေကလည်း အခုလို ကန့်သတ်မှုတွေကြောင့် သတင်းစီးဆင်းမှုတွေ နှောင့်နှေးသွားမှာ စိုးရိမ်တယ်လို့ မှတ်ချက်ပေးပါတယ်။

“IEC နဲ့ KNU က မီဒီယာတွေနဲ့ပတ်သက်ပြီး သတင်းရယူခွင့်ကို မရှေးမနှောင်းလေး လုပ်ထုံးလုပ်နည်း သို့မဟုတ် ညွှန်ကြားချက်တွေ ထုတ်လာတာလည်းရှိတယ်ပေါ့နော်။ တယောက်အနေနဲ့ မြင်တာကတော့ စစ်ရေးစစ်ရာ ပြင်းထန်လာတဲ့ကာလမှာ သတင်းစီးဆင်းမှုကို တစုံတရာတော့ ကန့်သတ်မှုလေးတွေ လုပ်လာတဲ့ပုံစံလို့တော့မြင်တယ်။ ကန့်သတ်မှုမှာတော့ နှစ်ပိုင်းရှိမှာပေါ့လေ။ သတင်းရယူမှုမှာ တာဝန်ယူမှု တာဝန်ခံမှုမရှိပဲနဲ့ ရတဲ့ဟာလည်းရှိတယ်။ ထုတ်တဲ့ခါမှာလည်း ဆိုးကျိုးသက်‌ရောက်မှုတွေ ရှိကောင်းရှိလိမ့်မယ်။ နောက်တပိုင်းကတော့ အဲလိုမျိုး လုပ်လိုက်ခြင်းအားဖြင့် သတင်းကို ရတဲ့နည်းလမ်းကနေ ချည်းကပ်ပြီး လုပ်ဆောင်တဲ့အပိုင်းမှာ နည်းနည်းလေး စနစ်တကျဖြစ်တာတော့မှန်တယ်။ ဒါပေမဲ့ နည်းနည်းလေး စိုးရိမ်ချက်က ဘာလဲဆိုရင် သတင်းစီးဆင်မှု နှောင့်နှေးသွားမှာလည်း စိုးရိမ်စရာဖြစ်တယ်ပေါ့နော်။ “

ဒါ့အပြင် ဒီလိုထုတ်ပြန်ခြင်းအားဖြင့်လည်း သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဒီထုတ်ပြန်ချက်တွေက ဒီပုံစံဘောင်ဝင်တယ်ဆိုလို့ရှိရင်တော့ သတင်းလွတ်လပ်ခွင့်ကို လုံးဝ ထိန်းချုပ်တယ်ပေါ့နော်။  အပြည့်အဝ ထိန်းချုပ်တယ်လို့တော့ ယူဆလို့မရဘူး။ ဒါက ထုတ်ပြန်ချက်ပဲ ရှိတယ်။ တကယ့်လုပ်ထုံးလုပ်နည်းမှာဆိုလို့ရှိရင် နှောင့်နှေးမှုဖြစ်တယ်ဆိုလို့ရှိရင် နှောင့်နှေးမှုဆိုတာကလည်း သတင်းစီးဆင်းမှု ကန်သတ်လိုက်တယ်၊ ထိန်းချုပ်လိုက်တယ်။ မယူနိုင်အောင် လုပ်လိုက်သလို ပုံစံမျိုးတော့ ပေါက်တယ်ပေါ့နော်။ ဒါက သူ့ရဲ့ သက်ဆိုင်ရာ နယ်မြေအနေအထားနဲ့  သူ့မှတ်တမ်းမှတ်ရာထဲမှာ ဘယ်မီဒီယာတွေ သတင်းရယူလဲဆိုတဲ့ မှတ်တမ်းမှတ်ရာလည်း သူတို့ရယူချင်တယ်လို့တော့ မြင်မိတယ်ပေါနော်။”

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းမီဒီယာ ၁၅ ခုလောက်ကို တရားဝင် ပိတ်သိမ်းခဲ့သလို သတင်းသမား ၆ဝဝ လောက်ကို ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့တာတွေလည်း ရှိပါတယ်။

ဒါပေမဲ့လည်း လက်ရှိအချိန်ထိ သတင်းသမား ၅ဝ လောက် အကျဉ်းချခံထားသလို လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ သတင်းသမားတွေကို ပါဝင်တာ မရှိသလောက် နည်းလာတယ်လို့လည်း သတင်းစာ ဆရာတဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလုပ်ငန်းတွေဟာ ဆယ်စုနှစ် တခုစာလောက် နောက်ပြန်ဆုတ်သွားခဲ့ပြီး ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁ဝ နိုင်ငံထဲမှာပါဝင်တယ်လို့ နည်းစည်းမခြားသတင်းသမားများအဖွဲ့ RSF က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013