Home
မြန်မာသတင်း
မြဝတီတိုက်ပွဲ၌ ဒဏ်ရာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မဲဆောက်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေ  
DVB
·
April 22, 2024
MaeSotHospital_22042024

ကရင်ပြည်နယ်၊ မြဝတီမြို့တိုက်ပွဲမှာ လက်နက်ကျည်ထိမှန်တဲ့ စစ်ကောင်စီတပ်သားတွေ အပါအဝင် မြန်မာဘက်ကလာတဲ့ လူနာတွေဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်ဆေးရုံကြီးမှာ စုပြုံ‌ရောက်ရှိလာလို့ ဆေးရုံကြီးအတွင်း အရေးပေါ်အခြေအနေ ကြေညာထားရတယ်လို့    ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဧပြီ ၂၁ ရက်က မြဝတီဘက်က လက်နက်ကျည်ထိလူနာ ၃၅ ဦး မဲဆောက် ဆေးရုံကြီးမှာ လာရောက်ကုသခွင့်ပြုဖို့ ထိုင်းနယ်ခြားစောင့်တပ်ကတဆင့် ဆက်သွယ်လာတာကြောင့်  ဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်းနဲ့ အရေးပေါ်လူနာတင်ကား ၁၀ စီးကျော် ပြင် ဆင်ထားခဲ့တယ်လို့  မဲဆောက်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရမစ် ဝေါင့်ဝိလိုင်း ရတ်က သတင်းထောက်တွေကို ပြောပါတယ်။

ဆေးရုံက အရေးပေါ်အခြေအနေကြေညာပြီး လိုအပ်တာတွေပြင်ဆင်ပြီးတာနဲ့ မြန်မာ ဘက်ခြမ်းက လူနာတွေ တသုတ်ပြီးတသုတ် ရောက်ရှိလာတယ်၊ လူနာတွေမှာ  ခန္ဓာကိုယ် မီးလောင်ဒဏ်ရာ၊ ပေါက်ကွဲမှုကြောင့် ကျည်စလွှင့်စင်တဲ့ ဒဏ်ရာ၊ နားစည်ကွဲတာ၊ လက်ပြတ် တာ စတဲ့ ဒဏ်ရာတွေရပြီး ဒဏ်ရာပြင်းထန်သူ ၅ ဦး၊ သတိရလာသူ ၁၇ ဦးနဲ့ မစိုးရိမ်ရ ဒဏ်ရာရသူ ၁၇ ဦးရှိတယ်၊ အများစုဟာ မြန်မာစစ်ကောင်စီရဲ့ စစ်သားတွေလို့ ဆိုပါတယ်။ 

မဲဆောက် ဆေးရုံအုပ်က “မဲဆောက်တဘက်ကမ်း မြဝတီဘက်မှာ တိုက်ပွဲဖြစ်နေတာကြာပြီမို့ လူနာတွေစုပြုံ ရောက်ရှိလာရင် လက်သင့်ခံနိုင်ဖို့ အရင်ကတည်းက ဆေးရုံဝန်ထမ်းတွေကို ကြိုတင်လေ့ကျင့်ထားခဲ့တယ်၊ အရေးပေါ်အခြေအနေအတွက် ဆေးရုံမှာ ဝန်ထမ်း ၅၀ ဦး ၂၄ နာရီ အမြဲ ရှိနေရမှာဖြစ်ပြီး ခုတင်မလုံလောက်က မဲဆောက်ဆေးရုံနဲ့ ကွန်ရက်လုပ်ထားတဲ့ ဆေးရုံတွေရော၊ ပုဂ္ဂလိက ဆေးရုံတွေပါ ပူးပေါင်းပါဝင်ဖို့ ပြောထားတယ်၊ မဲဆောက်ဆေးရုံအနေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကောင်စီဘက်ကပဲဖြစ်စေ၊ တော်လှန်ရေးအဖွဲ့ထဲက ဖြစ်စေ၊ ပြည်သူတွေဖြစ်စေ ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာမှုအရ အားလုံးကို ဆေးရုံ လူနာအဖြစ်နဲ့  လက်ခံကုသပေးမှာဖြစ်တယ်”လို့ ပြောသွားပါတယ်။ 

မြဝတီ - မဲဆောက်ကြား အမှတ် ၂ ချစ်ကြည်ရေးတံတားအောက်မှာ ရက်သတ္တ တပတ်ကျော် ခိုအောင်းနေတဲ့ ခလရ  ၂၇၂  က တပ်သားတွေကို ကရင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၁၉ ရက် နဲ့ ၂၀ ရက်မှာ ဒရုန်းတွေနဲ့ ပစ်ခတ်တာကြောင့် အဆိုပါစစ်သားတွေ သေဆုံးဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်လို့  အရပ်သားတွေပါ သေဆုံးဒဏ်ရာရခဲ့ပါတယ်။ 

ဧပြီ ၂၀ နဲ့ ၂၁ ရက်အတွင်း မြဝတီဘက်က ပြည်သူတွေ ထိုင်းဘက်ခြမ်းကို ၃၀၀၀ ခန့် ထွက်ပြေးခိုလှုံလာပြီး အုန်းဖျန်၊ ဖုပ်ဖရနဲ့ မဲဆောက်မြို့နယ်ထဲက ဘေးကင်းလုံခြုံတဲ့ နေရာပေါင်း ၅ ခုမှာ နေရာချထားပေးတယ်လို့  နယ်မြေထဲ ကွင်းဆင်းစစ်ဆေးလာတဲ့ မဲဆောက် ခရိုင်ဝန် နိုင်းဆုမ်ချိုင်း ကစ်ကျရုန်းရို့တ် က ပြောပါတယ်။

ဒီကနေ့မှာတော့ မြဝတီဘက်က ပစ်ခတ်တိုက်ခိုက်သံတွေ ငြိမ်သက်နေလို့ ဒေသခံပေါင်း ၁၀၀၀ နီးပါး မိမိသဘောဆန္ဒအလျောက် ပြန်သွားကြပြီလို့ ထိုင်းနယ်ခြားစောင့်တပ်ကပြောကြောင်း ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။ 

Source: Thai PBS/ DAILY NEWS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013