Home
မြန်မာသတင်း
စစ်ကောင်စီကို တရားဝင်မှုမပေးရန် ထိုင်းအစိုးရကို အရပ်ဘက်အဖွဲ့အစည်း ၃၁၂ ဖွဲ့က တိုက်တွန်း
DVB
·
April 22, 2024
Dassk_17042024

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့  ရာထူး တာ၀န်နဲ့ စပ်လျဉ်းပြီးတော့ ထိုင်းအစိုးရရဲ့ စစ်ကောင်စီကို တရား၀င်မှုပေးအပ်တဲ့ ထုတ်ပြန်ချက်အပေါ်စိုးရိမ်ပူပန်ကြောင်း မြန်မာ၊ ထိုင်းနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၃၁၂  ဖွဲ့က ဧပြီ ၂၁ ရက်စွဲနဲ့ လက်မှတ် ရေးထိုးထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်မှာတော့ ထိုင်းနိုင်ငံ ဒု၀န်ကြီးချုပ်နဲ့  နိုင်ငံခြားရေး၀န်ကြီး ပန်ပရီ ဘာဟီဒါ နူကာရာဆီ လိပ်မူရေးသားထားတာဖြစ်ပါတယ်။ 

ထိုင်းအစိုးရရဲ့ ဧပြီ ၁၇ ရက် နေ့စွဲနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်မှာ “ယခင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခင်သမ္မတ ဦးဝင်းမြင့်တို့အား အကျဉ်းထောင်မှ ၎င်းတို့၏ နေအိမ်များသို့ ပြောင်းရွှေ့ပေးသည် ဆိုသည့်သတင်းများသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်ရာတွင် အပြုသဘောဆောင်သည့် ခြေလှမ်းတရပ်အဖြစ်” ထိုင်းအစိုးရက ကြိုဆိုကြောင်း ရေးသားထားခဲ့ကာ အဲဒီအပေါ် ရှင်းလင်းချက် တောင်းဆိုဖို့အတွက် ခုလို စာရေးသားပေးပို့လိုက်တာလို့ ဖော်ပြပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာထူးတာဝန်ကို “ယခင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်”၊ ဦးဝင်းမြင့်ရဲ့ ရာထူးတာဝန်ကို “ယခင်သမ္မတ” လို့  ရည်ညွှန်းရေးသားမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ဦးစွာဖော်ပြပြီး သူတို့ရဲ့ ရာထူးတာဝန်တွေကို “ယခင်” လို့ ရည်ညွှန်းသုံးစွဲတာက ထိုင်းနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ရာထူးတာဝန်တွေက ဖယ်ရှားဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုကို ထောက်ခံအတည်ပြုပေးသလို သဘောသက်ရောက်စေတယ်လို့ ဆိုပါတယ်။   

ဒါက အာဆီယံရဲ့ ရပ်တည်ချက်တွေ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးအပေါ် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ တို့နဲ့ ကွဲလွဲနေပြီးတော့ အာဆီယံအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံညှိနှိုင်းရေးကောင်စီမှာ အဖွဲ့ဝင် အဖြစ် ဆက်လက်စာရင်းသွင်းထားတဲ့အပြင် “ယခင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်” အဖြစ် ဘယ်နေရာမှာမှ ရည်ညွှန်းထားခြင်း မရှိဘူးလို့လည်း ထောက်ပြထားပါတယ်။ 

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၉၉ မှာလည်း သူတို့ရဲ့ ရာထူး တာဝန်တွေကို “ယခင်” လို့ ရည်ညွှန်းဖော်ပြခြင်း မရှိတဲ့နည်းတူ အရင်က ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာထူးတွေကို “ယခင်” လို့  ရည်ညွှန်းဖော်ပြခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့်မို့ “ယခင်” ဆိုတဲ့ အသုံးအနှုန်းကို ပယ်ချကြောင်းနဲ့ အဲဒီလို သုံးနှုန်းတာက ဒီမို ကရေစီမူတွေနဲ့ ဆန့်ကျင်နေသလို မြန်မာစစ်တပ်ရဲ့ တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှုကို ငြင်းပယ်တဲ့ မြန်မာလူထုရဲ့ဆန္ဒကို ဆန့်ကျင်ရာလည်းရောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံရဲ့ ကြားကာလ တရားဝင်အစိုးရ ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ရှိနေဆဲဖြစ်သလို၊ ဦး ဝင်းမြင့်ဟာလည်း သမ္မတအဖြစ် ရာထူး တာဝန်တွေမှာ ဆက်လက်ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ ရာထူးတာဝန်တွေကို “ယခင်” လို့ ဖော်ပြချက်ကို ပြန်လည်ရုပ်သိမ်းဖို့နဲ့ စစ်အုပ်စုကို မြန် မာနိုင်ငံရဲ့ အစိုးရအဖြစ် တရားဝင်မှု ပေးအပ်မယ့် ဘယ်လိုလုပ်ရပ်ကိုမဆို ရပ်တန့်ဖို့ ထိုင်းနိုင်ငံဘုရင့်အစိုးရကို တိုက်တွန်းထားပါတယ်။

ထိုင်းတော်ဝင်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့၊ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုကို ပယ်ချဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် ရုန်းကန် ကြိုးပမ်းမှုကို ပံ့ပိုးကူညီဖို့လည်း ထိုင်းနဲ့မြန်မာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

လက်မှတ်ရေးထိုးထောက်ခံတဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၁၂ ဖွဲ့ ထဲမှာတော့ Blood Money Campaign အဖွဲ့၊ General Strike Collaboration Committee (GSCC) အ ဖွဲ့တို့လို အမည်ဖော်ပြထားတဲ့ အဖွဲ့အစည်း ၂၂၆ ဖွဲ့ နဲ့ အမည်မဖော်ပြတဲ့ အဖွဲ့အစည်း ၈၆ ဖွဲ့ ပါ၀င်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013