Home
နိုင်ငံတကာ
ပါကစ္စတန်၌ မိုးသည်းထန်ရေကြီး၊  အိန္ဒိယတွင် လှေမှောက်ပြီး အနည်းဆုံး ၇ ဦးသေဆုံး
DVB
·
April 21, 2024
Heavy rains destroy ParKistan_21042024

ပါကစ္စတန်နိုင်ငံအတွင်း ဝေးလံသီခေါင်တဲ့ဒေသထဲမှာ မိုးသည်းပြီး ဆီးနှင်းတွေကျလို့ ဧပြီ ၂၀ ရက်မှာ ရေကြီး မြေပြိုကာ လမ်းတွေ ပျက်စီးခဲ့ပါတယ်။

ပါကစ္စတန်မြောက်ပိုင်း တောင်ထူထပ်တဲ့ ချီထရယ်ဝန်းကျင်က ကျေးရွာတွေမှာ ရေလွှမ်းလို့ လမ်း အများအပြား မျောပါသွားခဲ့ပါတယ်။

မြေပြိုလို့ ဒေသထဲကို ဦးတည်နေတဲ့ တောင်ပေါ်လမ်းတခု ၁၂ မိုင်ခွဲ ဝန်းကျင်လောက် ပိတ်ဆို့ ပျက်စီးခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ အထီးကျန်ပြီး မသွားလာနိုင်ဘဲ ရှိနေတယ်လို့ အမျိုးသားသဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDMA) က ပြောပါတယ်။

ဒါပေမဲ့ လူတချို့ကတော့ မတ်စောက်တဲ့ တောင်စောင်းတလျှောက် သွားလာဖို့ တခြား လမ်းကြောင်းတွေကို ကြိုးစား ရှာဖွေနေရပါတယ်။

ချီထရယ်ပြည်နယ် အထက်ပိုင်းနဲ့ အောက်ပိုင်းတို့မှာ ဧပြီ ၃၀ ရက်အထိ မိုးသဲသဲမဲမဲ ရွာနိုင်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြေညာထားပါတယ်။

လမ်းတွေနဲ့  လျှပ်စစ်မီးတွေ ပြန်ရဖို့ ဒေသန္တရ အာဏာပိုင်တွေရော ဗဟိုအာဏာပိုင်တွေဆီကပါ အကူအညီတစုံတရာ မရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်ရက်လောက်က မိုးသည်းလို့ လူ ၉၈ ဦးထက်မနည်း သေဆုံးပြီး ၈၉ ဦး ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDMA) က ပြောပါတယ်။

သေဆုံးသွားသူတွေထဲမှာ ခီဘာပတ်ရှ်တွန်ခွါပြည်နယ်ထဲက ၄၆ ဦး၊ ပန်ဂျပ်ပြည်နယ်က ၂၆ ဦး၊ ဘာလူချီစတန် ပြည်နယ်ထဲက ၁၅ ဦးနဲ့ အက်ဇဒ် ကက်ရှ်မီးယား ဒေသထဲက ၁၁ ဦးတို့ ပါတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဩဒစ်သျှပြည်နယ် မဟာနဒီမြစ်မှာ လှေတစီး တိမ်းမှောက်ပြီးတဲ့နောက် အမျိုးသမီး လေးဦးနဲ့ ကလေး သုံးဦးတို့ရဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက ဧပြီ ၂၀ ရက်မှာ ဆယ်ယူရရှိခဲ့ ပါတယ်။

ဧပြီလ ၁၉ ရက်က လှေမှောက်ခဲ့တာ ဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အမျိုးသမီးတဦးကို ဆက်လက် ရှာဖွေနေဆဲပါ။

သောကြာညအစောပိုင်းက ရှာဖွေကယ်ဆယ်ရေးအတွင်း တခြားခရီးသည် ၄၈ ဦးကို သဘာဝဘေးကယ်ဆယ်ရေး တပ်ဖွဲ့တွေက ကယ်ဆယ်နိုင်ခဲ့ပြီး လှေမှောက်ရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013