Home
ဆောင်းပါး
မေတ္တာစူးရင် ရေအဆုံး မြေအဆုံး သံသရာအဆုံးထိ ပုန်းလို့မရ
DVB
·
April 21, 2024
ArticleMinKaungChit_21042024

မြန်မာစကားမှာ မေတ္တာစူးတတ်တယ်ဆိုတဲ့စကားရှိပါတယ်။ မေတ္တာတရားကို နားမလည်တဲ့သူ၊ တန်ဖိုးမထားတတ်တဲ့သူတွေဟာ ကိုယ့်အပေါ်မှာကျေးဇူးရှိသူတွေ၊ မေတ္တာထားသူတွေကို နာကျင်စေ၊ ထိခိုက်စေရင် ကိုယ်ပြုသမျှတွေကဝဋ်ပြန်လိုက်လာတတ်တဲ့သဘောကို မေတ္တာစူးတယ်လို့သုံးနှုန်းကြပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ အဘက်ဘက်မှာ ကျဆုံးလာတဲ့စစ်အာဏာရှင်သစ္စာခံ တပ်မတော်အမည်ခံ စစ်ဓားပြဂိုဏ်းနဲ့ ခေါင်း‌ဆောင်‌တွေဟာ ပြည်သူ့ဘဏ္ဍာငွေကြေးရိက္ခာတွေ ရယူစားသုံးရင်း ကျေးဇူးရှင် အခြေခံပြည်သူလူထုအများစုကြီးအပေါ် ကျေးဇူးကန်းလို့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ဒုက္ခပေးလာခဲ့တာမို့ သူတို့ပြုတဲ့အကုသိုလ်ကံဆိုးတွေ ဝဋ်ပြန်လိုက်လာချိန်၊ မေတ္တာစူးချိန်ရောက်လာပြီလို့ ပြောရင်မမှားနိုင်ပါဘူး။

ဒီကနေ့ အာဏာရှင်ခါးပုံစအတွင်းက စစ်ဗိုလ်စစ်သား ရဲအရာရှိ ရဲသားဆိုတာ အသက်ဘဝ မလုံခြုံတော့ပါဘူး။ ဒီကနေ့ အသက်ရှင်၊ ရာထူးရှိနေရာကနေ မနက်ဖန် အသက်ဆုံးနိုင်သလို ဇာတ်တူသားစား နောက်ကျောကိုဓားနဲ့ အထိုးခံရနိုင်သလို ရှေ့ကျည်ဆန်သာမက နောက်ကျည်ဆန်ရန်ကလည်း စောင့်ကြိုနေပါပြီ။ ပြည်သူကြား မသွားရဲမလာရဲ ဇာတိမိဘရပ်ထံမပြန်ရဲတဲ့အပြင် အလုပ်ကိစ္စခရီးထွက်ရင်ဖြစ်ဖြစ်၊ ပြည်သူနဲ့တိုက်ရတဲ့စစ်ဖြစ်ဖြစ် အတွင်းသတင်းပေါက်ကြားလို့ ဖရဲသီးသတင်းကြောင့်လည်း အသက်ဆုံးရှုံးရနိုင်သလို ခေါင်းပေါ်ကို မိုးပေါ်ကသကြားမင်းရဲ့ ဝရဇိန်လက်နက်လို နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းတွေ ဘယ်အချိန် ကျလာမလဲလို့ စိုးရွှံ့လို့ ကျီးလန့်စာစားနေရတာမို့ မိဘပြည်သူကို ခြိမ်းခြောက်သတ်ဖြတ်ခဲ့တဲ့အကုသိုလ်ကံ မေတ္တာစူးနေတာပဲ ဖြစ်ပါတယ်။

ပြည်သူလူထုကို လူမဆန်စွာအရက်စက်ဆုံးကျုးလွန်ခဲ့ကြတဲ့ စစ်အခွင့်ထူးခံအသိုင်းအဝိုင်း တခုလုံးအတွက် ပြည်သူ့မေတ္တာစူးတာဟာ တခဏတာ၊ တဘဝတာမဟုတ်ပါဘူး။ သံသရာအဆုံးထိ လိုက်လာမှာပါ။ ရေအဆုံး မြေအဆုံး ပုန်းချင်ရာပုံးပြေးလို့ မလွတ်နိုင်ပါဘူး။ အခုဆို စစ်မကောင်းဆိုးဝါး ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြည်သူလူထုရဲ့ မေတ္တာစူးနေတာဟာ သူ့အတွက် ရှင်သန်ဘို့ ဘောင်ကျဉ်းသထက်ကျဉ်းလာနေပါပြီ။

အခုရက်ပိုင်းသတင်းတွေအရ ဘောင်ကျဉ်းလာတဲ့မင်းအောင်လှိုင်ဟာ သူရဲ့ ရုံးတက်ရုံးဆင်း၊ ပြည်တွင်းခရီးစဉ်တွေ လှုပ်ရှားသွားလာမှုတွေကို သူ့ရဲ့ကိုယ်ရံတော်တပ်ကလွဲပြီး ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ရုံးချုပ်ကိုတောင် ကြိုတင်အသိမပေးရဲတော့ပါဘူး။ အချင်းအချင်း မယုံကြည်တော့တဲ့ သဘောဖြစ်သလို စစ်ဓားပြဂိုဏ်းဟာ ဦခေါင်းနဲ့ခန္ဓာကိုယ် ဆက်သွယ်မှု အားနည်းလာတာမို့ တပိုင်းသေလုတဲ့ လူမမာသဖွယ်ဖြစ်လာတဲ့အခြေအနေပဲ ဖြစ်ပါတယ်။

ပြည်သူ့မေတ္တာစူးခံနေရတဲ့  မင်းအောင်လှိုင်ရဲ့ ရှင်သန်နိုင်ခွင့်ဘောင်ကျဉ်းလာတာနဲ့ တပြိုင်နက်ထဲမှာ တဖက်မှာ သူ့ရဲ့မိုက်ဇာတ်ကိုသိမ်းပေးမယ့် ဖြစ်တန်ခြေတွေကလည်း အောက်ပါအတိုင်း တနေ့တခြားတိုးပွားလာပါတယ်။

ပထမဖြစ်တန်ခြေကတော့ နိုင်ငံတော်ကိုသစ္စာပြီး ပြည်သူ့အာဏာကို လုယူခဲ့မှုကြောင့် နွေဦးတော်လှန်ရေး အောင်ပွဲဆင်ခဲ့တဲ့အခါ ပြည်သူ့ခုံရုံးအတင်ခံရပြီး ကြိုးမိန့်အပြစ်ဒဏ်ခံရနိုင်ခြေရှိတာမို့ သူကို ကြင်စိုးလို့ ပြောဆို နမိတ်ဖတ်ကြတာဖြစ်ပါတယ်။

ဒုတိယဖြစ်တန်ခြေကတော့ စစ်ဓားမြဂိုဏ်းအတွင်း အာဏာလုခံရလို့ဖြစ်ဖြစ်၊ အဝေမတည့်လို့ဖြစ်ဖြစ် တပ်တွင်းညီညွတ်မှုပြိုကွဲပြီး လုပ်ကြံသတ်ဖြတ်ခံရနိုင်တဲ့ ဇာတ်တူသားအစားခံရနိုင်တဲ့ ဖြစ်တန်ခြေ၊ နောက်ကျည်ဆန်နဲ့ဇာတ်သိမ်းရမယ့် ဖြစ်တန်ခြေ ဖြစ်ပါတယ်။ ဒါကြောင့်လည်းသူဟာ ဘုရားသွားသွား ခရီးပဲထွက်ထွက် သွားလေရာ ကျည်ကာအင်္ကျီ ဖို့ရို့ဖားရားနဲ့ သွားလာနေရတာ ဖြစ်ပါတယ်။

တတိယဖြစ်တန်ခြေကတော့ ဖရဲသီးသတင်း၊ အတွင်းသတင်းပေါက်ကြားပြီး နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ပေါက်ကွဲမှု ဧရိယာ ပေ (၄၀) ပတ်လည်ရှိပြီး (၅) မိုင်အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ ၁၀၇ မမ တာတိုပစ်ဒုံးကျည် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီး အမိုက်ဇာတ်သိမ်းနိုင်ခြေ ဖြစ်ပါတယ်။

စတုတ္ထဖြစ်တန်ခြေကတော့ သူစီးမယ့် ရဟတ်ယာဉ် (သို့) လေယာဉ်ပျံကို နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ တရုတ်လို Fei Nu ‘မြားပျံ’ လို့ အဓိပ္ပါယ်ရတဲ့ ပခုံးထမ်းဒုံးလောင်ချာ FN-6 နဲ့ ပစ်ခတ်လုပ်ကြံခံရပြီး အမိုက်ဇာတ်သိမ်းနိုင်ခြေ ဖြစ်ပါတယ်။

ပဉ္စမဖြစ်တန်ခြေကတော့ သူယုံကြည်တဲ့ သူ့ကိုယ်ရံတော်တပ်ဖွဲ့ရဲ့ အပြင်စည်းကဖြစ်ဖြစ် အတွင်းစည်းက ဖြစ်ဖြစ်တယောက် (သို့) တစုက ပြန်လုပ်ကြံတာခံရပြီး အမိုက်ဇာတ်သိမ်းနိုင်ခြေ ဖြစ်ပါတယ်။

ဆဋ္ဌမဖြစ်တန်ခြေကတော့  ၈၈ အာဏာလု နဝတအစိုးရအဖွဲ့ထဲက အတွင်းရေးမှူး ၂ တင်ဦးလို ကံကြမ္မာဂြိုလ်ဆိုးနဲ့ ကြုံရပြီး သူစီးတဲ့ ရဟတ်ယာဉ် (သို့) လေယာဉ်ပျံပျက်ကျပြီး အမိုက်ဇာတ်သိမ်းနိုင်ခြေ ဖြစ်ပါတယ်။

သတ္တမဖြစ်တန်ခြေကတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့တွေ၊ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ Kloud Drone တပ်ခွဲ၊ Leather Weapon တပ်ခွဲ၊ ဖက်ဒရယ်အတောင်ပံလို့ ခေါ်နိုင် Federal Wings Drone Force ရဲ့ ခရီးရှည်ပျံသန်းနိုင်တဲ့ဒရုန်း၊ အသေခံ ကာမေကာဇေ ဒရုန်းတွေရဲ့ တိုက်ခိုက် လုပ်ကြံသတ်ဖြတ်ခံရပြီး အမိုက်ဇာတ်သိမ်းနိုင်တဲ့ဖြစ်တန်ခြေပဲ ဖြစ်ပါတယ်။

တကယ်တမ်းကတော့ နိုင်ငံတော်ရဲ့မူလပိုင်ရှင်ကျေးဇူးရှင်မိဘပြည်သူအပေါ် သစ္စာဖေါက်ဖျက် ကျေးဇူးကန်းပြီး အာဏာလုယူလို့ တိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့ စစ်ဓားပြဂိုဏ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မကောင်းဆိုးဝါးစစ်အခွင့်ထူးခံတွေဟာ သန်း ၅၀ သော ပြည်သူ့လူထုရဲ့ မေတ္တာစူးခံနေရတာမို့ အပေါ်မှာရေးပြခဲ့တဲ့ ဖြစ်တန်ခြေတွေတင်မက သူတို့ပြုခဲ့တဲ့အကုသိုလ်ပြစ်မှုအမျိုးမျိုးရဲ့ အကျိုးဆက်အဖြစ် တခြားသော ကံကြမ္မာဆိုးများစွာနဲ့ အမိုက်ဇာတ်သိမ်းရမယ့် ဖြစ်တန်ခြေတွေ နီးကပ်သထက်နီးကပ်လာနေတာဟာ ထင်ရှားသထက်ထင်ရှားလာပြီမို့ စစ်ဒုစရိုက်ကောင်တွေကို ဘယ်ယတြာမှလည်း မကယ်နိုင်၊ ဆယ်တော်မူဘုရားမှမဟုတ် ဘယ်ဘုရားမှ မကယ်မှာ ကံနဲ့ ကံအကျိုးဆက်သာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013