Home
မြန်မာသတင်း
မကွေးတိုင်းက ရွာ ၄ ရွာကို စစ်တပ်က ပစ်ခတ်ဗုံးကြဲ၊ အမျိုးသား ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်
DVB
·
April 21, 2024
HteeLinSAC Bomb_21042024
YaySaGyo_21042024

မကွေးတိုင်း၊ ထီးလင်း၊ ဆိပ်ဖြူနဲ့ ရေစကြိုမြို့နယ်က ကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်က ၂ ရက် ဆက်တိုက် လေယာဉ်၊ လက်နက်ကြီးတို့နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ ယောက် သေဆုံးခဲ့ပြီး ရေစကြိုမြို့နယ်မှာလည်း အရပ်သား ၁ ယောက်ကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။

ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာအုပ်စု၊ အထက်ကျော်ရွာကို စစ်တပ်က လေ​ယာဉ်နဲ့ ၂ ရက် ဆက်တိုက် ပစ်ခတ်ဗုံးကြဲခဲ့တာဖြစ်ပြီး ဆိပ်ဖြူမြို့နယ်က ရှားလှကျေးရွာကိုလည်း ဗုံးကြဲ တိုက်ခိုက်လို့ ဒေသခံအမျိုးသမီး ၁ ယောက် သေဆုံးသလို ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးလာသူ အထက်ကျော်ရွာဒေသခံတယောက်က “၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာ ၁ ကြိမ်၊ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ ၁ ကြိမ်၊ ၂ ကြိမ်ပေါ့နော်။ လူနေအိမ်တွေ၊ ကားတွေ ပျက်စီးတာပေါ့။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်။ ပြည်သူ အသေအပျောက်တော့ မရှိဘူး။ အဲဒီကတည်းက ထွက်ပြေးလာကြတာ အခုထိ ရွာမပြန်ရသေးတော့ အတိအကျ မသိရသေးဘူးရယ်” လို့ ဒီဗွီဘီကို ပြောပြပါတယ်။

ဧပြီ ၁၇ ရက်နေ့က ဆိပ်ဖြူမြို့နယ် က.ပ.စ ၂၁ ကို တိုက်ခိုက်ခံရလို့ အထက်ကျော်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာဖြစ်နိုင်ကြောင်း ဒေသခံကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်က “ဧပြီ ၁၈ ရက် နေ့လယ် ၁ နာရီလောက်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ပစ်သွားတယ်။ နောက် Mi 35 နဲ့ ၁ ကြိမ်ထပ်ပစ်တယ်။ နောက်ရက် ၁၉ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတယ်လို့” ပြောပါတယ်။

ဧပြီ ၁၄ ရက်နေ့ ညနေပိုင်းကလည်း ဆိပ်ဖြူမြို့နယ်၊ ရှားလှ ရွာလယ်က သင်္ကြန်မဏ္ဍပ်နဲ့ စာသင်ကျောင်းကြားကို စစ်တပ်က အကြောင်းမဲ့ လေ​ယာဉ်နဲ့ ဗုံး ၂ လုံးကြဲချလို့ ပြည်သူ ၁ ဦး သေဆုံး၊ ဒဏ်ရာရရှိကြသူတွေလည်းရှိပြီး စာသင်ကျောင်းနဲ့ လူနေအိမ် ၄ လုံး ပျက်စီးခဲ့သလို ရွာလုံးကျွတ်နီးပါး ထွက်ပြေးကြရတယ်လို့ သိရပါတယ်။

ရှားလှကျေးရွာ ဒေသခံအမျိုးသားတယောက်က “နောက်ကျောကို ဗုံးစမှန်လို့ ရွာက အသက် ၅၀ ဝန်းကျင် ဒေါ်မှတ်တင် ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတာပေါ့ဗျာ။ နောက်ထပ် လာပစ်မှာစိုးလို့ ရွာလုံးကျွတ်ပြေးကြရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ နေရပ်စွန့်ခွာထွက်ပြေးရသူတွေဟာ အခုချိန်အထိ တောတောင်တွေထဲမှာ နေထိုင်နေကြရပြီး ရေနဲ့ အစားအစာအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက် နေ့လယ်ပိုင်းကလည်း စစ်တပ်က ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံအတွင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရေစကြိုမြို့ရဲ့ တောင်ဘက်က ပေါက်တောကျေးရွာ အတွင်းကို ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၅၀ ကျော်အရွယ် Non CDM ကျောင်းဆရာမ ဒေါ်ခင်စိုးမာ သေဆုံးခဲ့ရပြီး ၁၉ ရက်နေ့ ညနေပိုင်းမှာ ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံအတွင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကျောမကြားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၀ ၀န်းကျင် ဒေါ်ခင်ဝင်းမြင့် သေဆုံးခဲ့​ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဧပြီ ၁၉ ရက်နေ့က အပြစ်မဲ့ပြည်သူတယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး ပစ်သတ်လိုက်တယ်လို့ အသတ်ခံရသူရဲ့မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အပြစ်မရှိဘဲဖမ်းဆီးသွားပြီး သတ်ဖြတ်ခံလိုက်ရသူဟာ ရေစကြိုမြို့နယ်၊ ပေါက်တောကျေးရွာက ဆိုက်တွဲမောင်းနှင်ပြီး စီးပွားရှာနေသူ အသက် ၃၀ အရွယ် ကိုတရုတ်ကြီး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

မိသားစုနဲ့နီးစပ်သူတယောက်က “၁၉ ရက်နေ့ မနက်ပိုင်းက ရေစကြိုမြို့ပေါ်ကို ခရီးသည်ပို့ပြီး ပြန်လာတော့ လမ်းမှာ စစ်တပ်ကဖမ်းသွားပြီး အမှတ် ၂ စိတ္တသုခရပ်ထဲက သမဆီစက် ဝိုင်းထဲ ခေါ်သွားတယ်။ ညနေပိုင်း သွားစုံစမ်းတော့ ထွက်ပြေးလို့ ပစ်သတ်လိုက်တယ်လို့ အဲဒီက စစ်သားတွေက ပြောလိုက်တယ်” လို့ ဒီဗွီဘီကို ပြောပြပါတယ်။

စစ်တပ်က အပြစ်မဲ့ ဖမ်းဆီးသတ်ဖြတ်လို့ သေဆုံးသွားသူ ကိုတရုတ်ကြီးရဲ့ ရုပ်အလောင်းကို မိသားစုဆီ ပြန်မပေးဘူးလို့လည်း မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ရေစကြိုမြို့ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့မြို့ဖြစ်ပြီး မကြာခဏဆိုသလို ဒေသခံပြည်သူတွေကို စစ်တပ်ကနေ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013