Home
မြန်မာသတင်း
မာန်အောင်မြို့နယ်၌ အိမ်ထောင်စု ၂၀၀ ကျော်ကို စစ်ကောင်စီက အဓမ္မရွှေ့ပြောင်းခိုင်း
DVB
·
April 21, 2024
ManAung MoveHomeSAC_21042024
ManAung MoveHomeSAC 1_21042024
ManAung MoveHomeSAC 2_21042024

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာ၊ ရပ်ကွက် နှစ်ခုရှိ အိမ်ထောင်စု ၂၀၀ ကျော်ကို စစ်ကောင်စီက ဧပြီ ၂၅ ရက် နောက်ဆုံးထားပြီး အတင်းရွှေ့ပြောင်းခိုင်းနေတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

သစ်ပုံကျေးရွာရှိ ငှက်ပျောတောရပ်ကွက်နဲ့ အနောက်ပါးရပ်ကွက်ရှိ နေအိမ် ၂၀၀ ကျော်ကို ဧပြီ ၁၈ ရက် မနက်က စစ်ကောင်စီတပ်သားတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဖယ်ရှားပေးဖို့ လာရောက်ပြောကြားသွားတာလို့ သိရပါတယ်။

သစ်ပုံကျေးရွာက အိမ်ခြေ ၂၀၀ ကျော်ကို ပန်းခြံကျေးရွာနဲ့ ဖက်ယားကျေးရွာတွေအနီးတွေ ဧပြီ ၂၅ ရက် နောက်ဆုံးထားပြီး ရွှေ့ပြောင်းဖို့ ပြောကြားခဲ့တာလို့ သစ်ပုံကျေးရွာက အမည်မဖော်လိုသူတဦးက ပြောပါတယ်။

“စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်ရှိသူ တဦးအပါဝင် တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ရွာမှာ အစည်းအဝေးခေါ်ပြီး အိမ်ခြေ ၂၀၀ ကို ပန်းခြံနဲ့ ဖက်ယားကျေးရွာတွေကို ရွှေ့ပြောင်းဖို့ ပြောသွားတယ်။ ဘာကြောင့်ရွှေ့ပြောရမယ်ဆိုတာတော့ မသိရဘူး။ အဲဒီရွာတွေအနီးမှာ ၉ ပေပတ်လည် မြေကွက်ပေးမယ်လို့ ပြောတယ်။ အခုအထိုင်ကျနေတဲ့ နေရာကနေ တခြား နေရာပြောင်းရမယ်ဆိုတော့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး”လို့ပြောပါတယ်။

အခု ရွှေ့ပြောင်းခိုင်းနေတဲ့ သစ်ပုံကျေးရွာမှာ ရပ်ကွက် ၄ ခုရှိပြီး ​အိမ်ခြေ ၆၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

သစ်ပုံကျေးရွာသားတွေဟာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသလို စစ်ကောင်စီကိုလည်း ကန့်ကွက်ခဲ့ကြတာကြောင့် အခုလို အကျပ်ကိုင် ဖိအားပေးတာမျိုး ဖြစ်နိုင်တယ်လို့ ကျေးရွာသားတွေကြား သုံးသပ်မှုတွေ ရှိနေကြပါတယ်။

နောက်ထပ် သစ်ပုံးကျေးရွာသားတဦးက “ဘာကြောင့် ရွှေ့ပြောင်းခိုင်းတယ်ဆိုတာတော့ အတိအကျ မသိရဘူး။ ဒါပေမဲ့ ကျေးရွာမှာ စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်ပြီး စာကပ်ခဲ့ကြတာ ရှိတယ်။ အဲဒါကြောင့် စစ်ကောင်စီက သူတို့ အာဏာကို ပြချင်တဲ့ သဘောလို့ ယူဆရတယ်။ စစ်ကောင်စီက လူထုဆန္ဒမပါဘဲ အာဏာရှင်ဆန်နေရင်တော့ ဘယ်တော့မှ လူထုထောက်ခံမှုကို ရမှာမဟုတ်ဘူး”လို့ ပြောပါတယ်။

ရွှေ့ပြောင်းခိုင်းတဲ့ နေရာကို မရွှေ့ပြောင်းရင် အရေးယူမယ်လို့လည်း စစ်ကောင်စီက ခြိမ်းခြောက်ခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

သစ်ပုံကျေးရွာဟာ မာန်အောင်ကျွန်းမှာ အကြီးဆုံးကျေးရွာဖြစ်ပြီး အမျိုးသားရေးတက်ကြွတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။

မာန်အောင်မြို့နယ်အတွင်းမှာလည်း မတ်လကတည်းက စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး စစ်ကောင်စီက စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုတွေလည်း ရှိသလို ခံတပ်ပုံစံမျိုး လုပ်ဆောင်နေတာတွေ ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) က မြို့နယ် ၈ ခုအထိ သိမ်းပိုက်ထားပြီး နောက်ထပ်မြို့နယ် ၇ ခုမှာ စစ်ရေးပြင်းထန် တင်းမာနေကာ မာန်အောင်နဲ့ ဂွမြို့ နှစ်မြို့မှာသာ ထိတွေ တိုက်ပွဲမဖြစ်ပွားသေးတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013