Home
မြန်မာသတင်း
၂ လအတွင်း စစ်မှုထမ်းရန် စုဆောင်းခံရသည့် လူငယ် ၅၀၀၀ ခန့်ရှိ
DVB
·
April 21, 2024
Soldiers_12022024

စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက သူတို့လက်လှမ်းမီတဲ့ မြို့တွေကနေ စုဆောင်းထားတဲ့ လူငယ်အရေအတွက်ဟာ ၂ လအတွင်း စုစုပေါင်း ၅၀၀၀ ဝန်းကျင်ရှိနေပြီလို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က DVB ကို ပြောပါတယ်။

စုဆောင်းခံထားရတဲ့လူငယ်တွေကိုတော့ နိုင်ငံတဝန်းမှာရှိတဲ့ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ)နဲ့ တပ်မတော်တန်းမြင့်သင်တန်းကျောင်း (တကက) စုစုပေါင်း ၁၅ ခုကို ပို့ဆောင်ထားတာကို တွေ့ရတယ်လို့လည်း BACSရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

လက်ရှိမှာလည်း ဒုတိယအသုတ်အတွက် လူသစ်စုဆောင်းတာတွေ ဆက်လက် ဆောင်ရွက်နေသလို လူငယ်တွေ တခြားကို ထွက်မသွားအောင် မိသားစုတွေကို ဖိအားပေး ခြိမ်းခြောက်တာတွေလည်းရှိနေတယ်လို့ BACS ရဲ့ သုတေသနတာဝန်ခံက ပြောပါတယ်။

BASCရဲ့ သုတေသနစစ်တမ်းအရ စစ်ကောင်စီအနေနဲ့ အသက် ၂၄ နှစ်က ၃၀ လူငယ်တွေကို အဓိကပစ်မှတ်ထားတာ ဖြစ်တာကြောင့် သိန်းနဲ့ချီတဲ့ လူငယ်ထုဟာလည်း တိုင်းပြည်ကို စွန့်ခွာဖို့ ကြိုးစားနေကြတယ်လို့လည်း ဆိုပါတယ်။ ဒီအကျိုးဆက်အနေနဲ့ တိုင်းပြည်ရဲ့ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ စတဲ့ အရေးပါတဲ့ နေရာတွေမှာ လုပ်သားရှားပါးတာတွေလည်း ပိုပြီးဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း မြေပြင်မှာ စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူတာ၊ ဆင့်ခေါ်တာတွေ ဆက်ရှိနေသလို နောက်တဆင့်အနေနဲ့ ဆေးစစ်ဖို့အတွက် ဆင့်ခေါ်တာတွေလည်း ဒေသတချို့မှာ ရှိနေတာကြောင့် စိုးရိမ်နေတယ်လို့ မိဘတဦးက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ဆင့်ခေါ်စာနဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာတွေရှိသလို အတင်းအဓမ္မ ဖမ်းဆီးတာတွေလည်း ရှိနေတာကြောင့် လူငယ်တွေအတွက်တော့ စိုးရိမ်မှုက တနေ့တခြားပိုပြီး ကြီးလာနေတယ်လို့လည်း အသက် ၂၀အရွယ် လူငယ်တဦးက ပြောပါတယ်။

အကျအဆုံးများနေတဲ့ စစ်ကောင်စီက သူတို့ရဲ့ စစ်သား လိုအပ်ချက်အတွက် အခုလိုမျိုး အလျင်စလို စစ်သားစုဆောင်းမှုတွေ လုပ်နေတာလို့လည်း လေ့လာသူတွေက ပြောဆိုထားကြပါတယ်။ 

စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ မှာ ပြည်သူ့စစ်မှုထမ်းဉပဒေ အသက်ဝင်ပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပြီး ဆက်တိုက်ဆိုသလိုပဲ အရန်တပ်ဖွဲ့ဥပဒေကိုလည်း အသက်သွင်းခဲ့သလို စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီ အဆင့်ဆင့်ဖွဲ့စည်းတာ၊ နည်းမျိုးစုံသုံး လူသစ်စုဆောင်းတာတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013