Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် ဘူးသီးတောင် MSF ရုံးနှင့် ဆေးသိုလှောင်ခန်း မီးလောင်ပျက်စီး
DVB
·
April 17, 2024
MSF_17042024

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ် ထဲက နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ရုံးခန်းနဲ့  ဆေးသိုလှောင်တဲ့နေရာ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဧပြီ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒီအတွက် MSF အဖွဲ့အနေနဲ့ အကြီးအကျယ် ထိတ်လန့်တကြားဖြစ်ခဲ့ရပြီး ဒါဟာ ရခိုင် ပြည်နယ်အတွင်းကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းတွေ နည်းပါးလာတာနဲ့ ရင်ဆိုင်နေရတဲ့ လူထုအတွက် နောက်ထပ် ထိုးနှက်ချက်တခုဖြစ်ကာ သူတို့အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ရယူပိုင်ခွင့်ကို ငြင်းပယ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကတည်းက ဘူးသီးတောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးလာနေချိန်မှာပဲ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကူညီပေးနေတဲ့ MSF ရုံးကို ဖျက်ဆီးခံခဲ့ရတာလို့ ဆိုပါတယ်။ 

ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိပေမဲ့ ဆေးပစ္စည်းနဲ့ ရုံးသုံးပစ္စည်းတွေ အားလုံး ပျက်စီးဆုံးရှုံးခဲ့ရပြီးတော့ အဲဒီထဲမှာ ပဋိဇီဝဆေးတွေလိုမျိုး အသက်ကယ်ဆေးတွေ၊ နမိုးနီးယားလို ရောဂါတွေကို ကုသရာမှာ အဓိကပါဝင်တဲ့ ဆေးပစ္စည်းတွေ ပါဝင်နေပြီး အသက်ငါးနှစ်အောက်ကလေးတွေကို အဓိကထိခိုက်နစ်နာစေမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလို မီးလောင်ထိခိုက်ပျက်စီးမှုတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့်လား ရက္ခိုင့်တပ်တော် (AA) တပ်တွေကြောင့်လားဆိုတာကိုတော့ MSF အဖွဲ့က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ 

လတ်တလောမှာတော့ MSF အဖွဲ့က ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသထဲက အစုအဖွဲ့တွေအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအောက်မှာ သူတို့ရဲ့ တာဝန်ဝတ္တရားနဲ့အညီ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ အခြေခံ အဆောက်အအုံတွေကို အကာအကွယ်ပေး လေးစားလိုက်နာဖို့ တိုက်တွန်းလိုက်တာပါ။

ဒါ့အပြင် အရေးတကြီး လိုအပ်မှုကို ထည့်သွင်းစဉ်းစားပြီးတော့ အလျင်အမြန် အတည် ပြုချက်ရယူနိုင်ဖို့၊ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုအတွက် ဘူးသီးတောင်ရုံးမှာ ပျက်စီးသွားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပြန်လည်ထားရှိနိုင်မှု လွယ်ကူချောမွေ့စေဖို့နဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ပြီးတော့ ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ သွားလာခွင့် တားမြစ်ထားတာကို ပြန်လည်ခွင့်ပြုပေးရေးတို့ကို ထည့်သွင်းစဉ်းစားဖို့လည်း သက်ဆိုင်ရာအာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

MSF အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်း အရပ်သားတွေပါမချန် ခွဲခြားဆက်ဆံမှုမရှိတဲ့ အကြမ်းဖက်မှုတွေ၊ ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ဆုတ်ယုတ်သွားတာကို တွေ့မြင်ခဲ့ရတာ ၆ လနီးပါး ရှိလာခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခရီးသွားခွင့်ပြုချက် မရရှိတာကြောင့် ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ ဆေးဘက်ဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဘူးလို့လည်း ပြောထားပါတယ်။

ကျေးလက်ဒေသမှာ နေထိုင်ကြသူတွေအနေနဲ့ သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှုအတွက် MSF ရဲ့ ဆေးခန်းတွေကို မှီခိုနေရပြီး   မရှိမဖြစ်လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မိုဘိုင်း ဆေးခန်း ၂၅ ခုကို လုပ်ဆောင်ဖို့လည်း ဒီခွင့်ပြုချက် လိုအပ်နေတယ်လို့ ပြောပါတယ်။

MSF အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲက ပြည်သူတွေအတွက် လစဉ်ပြင်ပလူနာဆိုင်ရာ ညှိနှိုင်းပေးမှု အရေအတွက်ဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ  ၆,၆၈၄ ယောက်ထိ ရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်၊ မတ်လမှာတော့ ၈၁ ဦးအထိ ကျဆင်းသွားခဲ့ကာ လူနာတွေကို တိုက်ရိုက်ကြည့်ရှုခွင့် မရှိတော့တာကြောင့် အဆိုပါ ညှိနှိုင်းမှု ၈၁ ခုကို တယ်လီဖုန်းနဲ့သာ ဆောင်ရွက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

၁၉၉၉ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ဆွတ်ခူးရရှိထားတဲ့ MSF အဖွဲ့ဟာ ရခိုင် ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေအပါအဝင် ကျေးရွာအတော် များများမှာ ရှိနေတဲ့သူ တွေအတွက် ကျန်းမာရေး အကူအညီတွေပေးနေတာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က နောက်ဆုံးထုတ်ပြန် ချက်မှာတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ သိန်းနဲ့ချီ ရှိလာနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပိုမိုဆိုးဝါးလာနေတဲ့ အခြေအနေတွေနဲ့အတူ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအနှံ့ နေရပ်စွန့်ခွာရသူ အရေအတွက်ဟာလည်း ၂ ဒသမ ၇ သန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ခန့်မှန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013