Home
မြန်မာသတင်း
အကျဉ်းထောင် ၄ ခုမှ နိုင်ငံရေးအကျဉ်းသား  ၁၂ ဦး လွတ်မြောက်
မင်းညို
·
April 17, 2024
ThaRat Prison_17042024

မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် စစ်ကောင်စီက အကျဉ်းသား ၃၀၀၀ ကျော်ကို ဧပြီ ၁၇ ရက်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာမှာ သာယာဝတီ၊ ပြည်၊ သရက်နဲ့ ပေါင်းတည် အကျဉ်းထောင် ၄ ထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးပဲ လွတ်မြောက်လာတယ်လို့ အကျဉ်းသား အသိုက်အဝန်းကနေ သိရပါတယ်။

အဆိုပါအကျဉ်းထောင် ၄ ခုကနေ ဒီနေ့ ပြန်လွတ်လာသူ ၁၈၈ ဦးရှိတဲ့အနက်   လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား  ၁၂ ဦး ပြန်လည် လွတ်မြောက်လာတာလို့  အကျဉ်းဦးစီးနဲ့ နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။  

နိုင်ကျဉ်းမိဘတဦးက “ပြည်ထောင်မှာက စုစုပေါင်း အယောက် ၄၀ လွတ်တယ်။ အဲ့ဒီအထဲမှာ နိုင်ကျဉ်း အမျိုးသမီးတယောက်တည်းပါတယ်။ အများစုက သူခိုးတွေပဲများတယ်။ ခြောက်ဖို့ တဖို့(၆ ပုံ ၁ ပုံ) ပေးတယ်လို့လည်း ကြေညာထားပေမဲ့ အဲ့ဒီဖို့က နိုင်ငံရေးအကျဉ်းသားတွေ မရကြလို့ မလွတ်ကြတာ။ အခုက လွတ်ခါနီး CDM ဝန်ထမ်း မထက်ထက်အောင် တယောက်ပဲလွတ်တယ်။ သူက  တကယ်ဆို နောက်အပတ်ထဲမှာ လွှတ်ရတော့မှာ အဲ့ဒါကို အခုလွှတ်ပေးလိုက်တော့ ပုဒ်မ ၄၀၁ ကို လက်မှတ်ထိုးလိုက်ရတာပေါ့။ သူကတော့မတန်ဘူး။ အထဲမှာ လွတ်ဖို့ တလလောက်ပဲ လိုနေသေးတဲ့သူတွေတောင် မလွတ်ဘူး”လို့ ပြောပါတယ်၊၊

သရက်ထောင်ကနေ နိုင်ကျဉ်း ၁၀ ယောက်နဲ့ ရိုးရိုးအကျဉ်းသား  ၂၀ ၊ စုစုပေါင်းအယောက် ၃၀ ပြန်လွတ်လာပြီး အများစုကတော့ လွတ်ရက်နီးနေသူတွေဖြစ်တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တဦးက ပြောပါတယ်၊၊

သာယာ၀တီထောင်ကနေ  အကျဉ်းသား ၈၈ ဦး လွတ်မြောက်လာခဲ့ပြီး အဲ့ဒီအထဲမှာ လွတ်ခါနီး နိုင်ငံရေးအကျဉ်းသား လူငယ်တဦးပဲပါဝင်တယ်လို့  သာယာ၀တီထောင်ဝန်ထမ်းတဦးထံက သိရပါတယ်။

ပေါင်းတည်ထောင်ရှေ့မှာ သွားကြိုနေသူတယောက်ကတော့ “ပေါင်းတည်ထောင်က အမျိုးသား ၂၉ ယောက်၊ အမျိုးသမီး ၁ ယောက် နိုင်ငံရေးကျဉ်းသား တယောက်မှ မလွတ်ဘူး။ အားလုံး သူခိုးတွေပဲ လွတ်ကြတာ။ သွားစောင့်နေကြသူတွေကတော့ မပြန်ကြသေးဘူး။ ဖို့ ပေးတယ်ဆိုတော့ ထပ်လွတ်ဖို့ရှိသေးတယ်လို့ ထောင်က ဝန်ထမ်းက ပြောလို့ ဆက်စောင့်နေကြသေးတယ်” လို့ ပြောပါတယ်။

DVB က စုံစမ်းသိရသလောက်အနေနဲ့ တခြားထောင်တွေက ပြန်လွတ်လာသူတွေအထဲမှာလည်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲပါဝင်တယ်လို့ သိရပါတယ်။

ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်ဆိုတဲ့ စစ်ကောင်စီ ထုတ်ပြန်ချက်အရ ပြန်လွှတ်ပေးရမယ့်သူတွေ ကျန်နေသေးပြီး တချို့တွေက ထပ်လွှတ်လာနိုင်တယ်လို့ အကျဉ်းသား မိသားစုတွေက မျှော်လင့်နေကြပါတယ်။

ဧပြီ ၁၇ ရက်မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲပစ္စည်းအမှု၊ မတရားသင်းမှု၊ လက်နက်မှု၊ မူးယစ်မှု၊ အကြမ်းဖက်မှု၊ အဂတိမှုနဲ့  သဘာဝဘေးစီမံအမှုတွေကလွဲပြီး တည်ဆဲဥပဒေတခုခုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား/သူတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ကျခံဖို့ကျန်တဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လက်မှတ်ထိုးပြီး ဒီနေ့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013