အာဏာငမ်းလှ၊ ဆိုးဒေါသနှင့် လောဘကြီးမိ၊ မှားသည့် ဝန်တာ ပြင်စရာကို၊ ပြန်ကာမတွေး မိုက်နေသေးရှာ၊ စစ်မိစ္ဆာများ နေဝင်သွားမည်၊ သူငါညီကြ ကာလ မကြာတော့ပြီတကား။ ။
၂၀၂၄ ခုနှစ် ဧပြီလ၏ အတာသင်္ကြန် ရက်မြတ်အခါသမယမှာဖြင့် မြန်မာ့အရေး ပိတ်ကားပေါ်မှာ စစ်မိစ္ဆာတို့၏ နေဝင်ချိန်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်ထင်ထင် မြင်တွေ့လာကြရပြီ ဖြစ်ပါတယ်။ ပြတ်လုတဲတဲ ကောက်ရိုးမျှင်ကိုပင် ခိုင်သည့်အလား ဆွဲကိုင်ထားကြရရှာလေတဲ့ ဖက်ဆစ် အကြွင်းအကျန်များသည်လည်း နောက်ဆုံးအချိန်အထိ မိုက်လုံးကြီးနေကြလိမ့်ဦးမည် ထင်ပါသည်။ ဘယ်သူချွတ်ချွတ် ကျွတ်မည်မထင်သော စစ်မိစ္ဆာ အစွန်းရောက်တွေရဲ့ အရှုံးမလှ နိဂုံးဘဝကို ကျမတို့တတွေ တစိမ့်စိမ့်ကြည့်လို့ နေကြရမယ့် အချိန်ကို ရောက်ပြီပေါ့။ အိုဘယ့် မြန်မာပြည် …. အချိန်တန်တော့လည်း ဂုဏ်သိမ်မှန်သူတွေမှာ အိမ်ပြန်ကြရပေတော့မည်တကား။
တကယ်တော့လည်း ဤခရီးသည်လည်း နီးခဲ့သည်တော့ မဟုတ်ပါလေ။ တဆင့်ချင်း၊ တဆင့်ချင်းသော ပေးဆပ်မှု၊ အနစ်နာခံမှု၊ ကြီးမြတ်မှုများဖြင့် ရင်းနှီးတည်ဆောက်ခဲ့ကြရတာပါ။ တယောက်ဆင်း တယောက်တက်၊ လျှောက်ပြီးရင်း လျှောက်ခဲ့ကြရခြင်းသာ ဖြစ်ပါရဲ့။ အသက်၊ သွေး၊ ချွေး ပေးဆပ်မှုတွေနဲ့ အညွန့်တလူလူ အနာဂတ်လေးတွေ များစွာကို စတေးခဲ့ကြရပါတယ်။ မျက်ရည်စတွေကြားက ဆာလောင်မှုတွေနဲ့အတူ အပူကို အတူ ကူငြှိမ်းကြရင်း အချင်းချင်းထူ တူညီစိတ်ထားကောင်းတွေနဲ့ တော်လှန်ရေးလမ်းကြမ်းကြီးကို ဖြတ်ကူးသွားခဲ့ကြရတာသာ ဖြစ်ပါတယ်။ ခက်ခဲ၊ ဆင်းရဲ၊ ရှားပါးခြင်းနဲ့အတူ ရာသီဥတုအပူကလည်း ကမ္ဘာမှာ မြန်မာသည်သာ အပူဆုံးအဖြစ် စံချိန်တင်လို့ မဟာဒုက္ခ တွင်းဆုံးတမျှ ကျပြီးရင်း ကျသကဲ့သို့ပင် ဖြစ်ပါတယ်။ နိုင်ငံအတွက် လိုအပ်လာချိန်မှာ မဖြစ်မနေ အမှုထမ်းကြရပေမယ့် ရိက္ခာမဆိုထားဘိ၊ လစာမမြင်၊ ပင်စင် ဝေးစွ၊ ရှေးက စုထားသမျှ လောင်းကြေးထပ် ပုံအောခဲ့ကြသူများပဲ ဖြစ်ကြပါတယ်။ အမိန့်စာ ခန့်အပ်လွှာမလို၊ လာစည်းရုံးဖို့ မလို၊ ကိုယ့်ဘဝ ကိုယ်ပြဋ္ဌာန်းကြပြီး ကိုယ့်ကြငှန်းအတွက် တာဝန်သိခဲ့ကြသူများသာ ဖြစ်ကြပါတယ်။ ဤမျှပင် ကြီးမြတ်လှပေတကား။
ဖက်ဆစ် စစ်မိစ္ဆာတွေဟာ လူတွင်မမျှ ယုတ်မာကြလျက် အကြမ်းဖက်ကာ အရက်စက်ဆုံး ပြမူခဲ့ကြသူများ ဖြစ်ပါရဲ့။ လောကနီတိ ကျင့်ဝတ် မရှိ၊ မသိသူများပမာ လူတွေအားလုံးကို လူသားတွေလို မပြုမူ မဆက်ဆံကြဘဲ ထင်ရာစိုင်းကာ ရိုင်းစိုင်းခဲ့ကြပါတယ်။ ဂိတ်ကုန် ဘရိတ်မပါ အလွန်အမင်း အကျင့်ပျက် ခြစားတာ၊ အဆုံးစွန်ထိ အဂတိလိုက်စားတာတွေနဲ့ ပျော်မွေ့နေကြသူတွေဟာ ပြည်သူလူထုအများထက် သာလွန်ကြီးမြတ်သူများပမာ နေချင်ကြသူများ ဖြစ်ကြတာပါ။ အခွင့်ထူးခံ၊ အလေးပေးခံချင်သူ အများအပြား စုဖွဲ့ထားကြတဲ့ စစ်မိစ္ဆာ အသိုက်အဝန်းကြီးအဖြစ် ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြပါပေါ့။ တိုင်းပြည်ရဲ့ အညွန့်၊ အဦး၊ အဖူးလေးတွေကိုမှ စားကြချင်သူများ ဖြစ်ကြပါတယ်။ ပြည်သူတွေကို အဆင့်နိမ့်တွေလို့ သတ်မှတ်ထားကြပြီး ကျွန်ပမာ ဆက်ဆံခဲ့ကြတာဟာ အမှားဆုံးတကာ့ အမှားကြီး ဧရာမအမှားကြီး မဟာ့မဟာအမှားကြီး ဖြစ်ခဲ့တာပေါ့။ တန်းတူညီမျှခြင်းနဲ့ လွတ်လပ်ခြင်း အရသာကို မြည်းစမ်းခွင့် ရခဲ့ကြတဲ့ နည်းပညာခေတ်ရဲ့ မျိုးဆက်သစ် GZ လူငယ်တွေဟာ စစ်မိစ္ဆာတို့ရဲ့ စစ်ကျွန်အဖြစ်ကို လုံးဝ နွံနစ်မခံ လက်မခံနိုင်ခဲ့ကြပါ။ စစ်မိစ္ဆာတွေရဲ့ အနိုင်ကျင့်တာတွေကို ဆက်မခံရဖို့ ကိုယ်တိုင်က အင်းအားကြီးဖို့ လိုအပ်တယ် ဆိုတာကို မျိုးဆက်သစ် လူငယ် GZ တွေက ကောင်းကောင်းကြီး နားလည် သဘောပေါက်ခဲ့ကြပါတယ်။ နည်းပညာနဲ့ ဖောက်ထွက် တွေးခေါ်နိုင်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့အတူ ခေတ်သစ် နွေဦးတော်လှန်ရေးကြီးဟာ ကမ္ဘာကတောင် အံ့ဩဘနန်း ချီးကျူးခန်းဖွင့်ကြရမည့်ကိန်း ဆိုက်ရောက်နေပြီ ဖြစ်ပါတယ်။ နည်းပညာခေတ် မျိုးဆက်သစ်လူငယ်တွေရဲ့ နှလုံးသည်းပွတ် ခေတ်သစ် ခေတ်ပြောင်း နွေဦးတော်လှန်ရေးကြီးမှာ စစ်မိစ္ဆာတွေဟာ ဘယ်လိုနည်းနဲ့မှ မယှဉ်နိုင် ပြိုင်နေရင်းက ရှုံးကြရတော့မှာ ဖြစ်ပါတယ်။
စစ်မိစ္ဆာ ဖက်ဆစ် အာဏာရှင်တွေဟာ တိုင်းပြည်နဲ့ လူမျိုးကို သူတို့ကပဲ ပိုချစ်ကြလေဟန် ပြုမူ ပြောဆို နေထိုင်တတ်ကြပါတယ်။ ရက်စက်မှုအပေါင်း မည်မျှပင် သရဖူဆောင်းပါသော်လည်း စစ်သား စစ်ဗိုလ် ဗိုလ်ချုပ်တွေ လုပ်သမျှ တရားလေဟန် ဆောင်ထားကြပါတယ်။ ဘာသာရေး၊ လူမျိုးရေး သွေးခွဲမှု များစွာဟာလည်း သူတို့ရဲ့ စစ်ရေးစစ်ရာပမာ ဗျူဟာချလို့ အစဉ်အဆက် လုပ်ဆောင်ခဲ့ကြတာပါ။ မည်သို့ပင်ဆိုစေ လက်နက်အင်အားကိုသာ အားကိုးတတ်ကြသူများ ဖြစ်တာကြောင့် လက်နက်အင်အားကိုသာ ကြောက်တတ်ကြတာကလည်း သူတို့ရဲ့ အားနည်းချက် တရပ်ပါပဲ။ ဤအချက်ကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့ပြီဖြစ်တဲ့ မြန်မာပြည်သူလူထုရဲ့ နှိုးချက်ဆူသံ မိုးထက်ညံခဲ့ပြီ မဟုတ်ပါလားရှင်။ သုံးနှစ်တာခရီး ဘယ်လိုပင် ဖြတ်သန်ပြီးခဲ့ပေမဲ့ နောက်ပြန်လှည့်စရာမရှိ၊ ရှေ့သို့ ဦးတည် ပန်းတိုင်ဆီ ရောက်တဲ့အထိ ဆက်လျှောက်ရန်သာ ရှိတော့ပါရဲ့။ လာသည့်ခရီး သာ၍နီးပြီမို့ အပြီးတထောက် လျှောက်ဖို့သာ လိုတော့တဲ့အထိ နီးခဲ့ပြီ ဖြစ်ပါတယ်။
တနိုင်ငံလုံး ရှုံးစစ်နဲ့ ကြုံနေကြသော ဖက်ဆစ်အာဏာရှင်တွေဟာ ဇာတ်ပေါင်းချိန်ထိ ဆင်ခြင်မိရေး အသိဝင်ဖို့ ခက်ခဲလို့ နေကြသူများ ဖြစ်ပါတယ်။ စည်းစိမ်၊ အာဏာနဲ့ အခွင့်ထူးခံဘဝတွေကို မရအရ ရသလောက်အထိ ဆွဲကိုင် ထိုင်နေမိခဲ့တဲ့ ဆင်သေကောင်ထက်က ကျီးနက်မိုက်ပမာ ဘယ်သောင် ဘယ်ကမ်း ဆိုက်ပါစေ၊ လိုက်ပါသွားကြပေတော့မည့် သူများပါ။ ပြည်သူတွေ မျက်နှာပန်းလှဖို့ ညီတူဆွေ တက်လှမ်းကြမည် အလွှာစုံညီကြရမည်လည်း ဖြစ်ပါတယ်။ ဟေး.... လို့ တချက်အော် တော်ရာကထ ဇော်က ကကြရပေတော့မည်။ မြန်မာပြည် တခေတ်ဆန်းမှာ အမေအို တပွင့်ပန်းနဲ့ သပြေညို အချစ်လမ်း လှမ်းပြီးရင်း လှမ်းကြရမည်သာ ဖြစ်ပေတော့မည်။ နီးသည်ထက် နီးလာနေပြီဖြစ်တဲ့ နွေဦးပန်းတိုင်ဆီ ဆက်လက် ချီတက်ကြပါစို့။ စစ်မိစ္ဆာတို့ နေဝင်ချိန်ကလည်း နီးသည်ထက် နီး နီးလာနေပြီလေ။ ။