Home
မြန်မာသတင်း
ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်း (DSA)ကို ရှော့တိုက်ဒုံးဖြင့် ထပ်မံပစ်ခတ်ခံရ
DVB
·
April 15, 2024
DSA Drone_15042024

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ  စစ်တက္ကသိုလ်ကျောင်း (DSA)ကို ဧပြီ ၁၄ ရက်ညက  ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားကာ  လူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့ည ည ၉ နာရီကျော်လောက်ကစပြီး စစ်တက္ကသိုလ် DSA ကျောင်းဘက်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ တည်းခိုနေတယ်လို့ သတင်းထွက်နေတဲ့ ကန်တော်ကြီးနားဘက်ကို ရှော့တိုက်ဒုံး ပစ်ခတ်ခံရတာဖြစ်ပါတယ်။

ဒေသခံ အမျိုးသားတဦးက “ဆင်လမ်း။ DSA ကျောင်းနားက ဘုန်းကြီးကျောင်းမှာ ကျတာ။ ပြည်သူ ၅ ဦးထိ၊ ဦးပဇင်းတပါး သေဆုံးတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

ဘယ်နှချက်လောက် ပစ်သလဲဆိုတာ မသိလိုက်ပေမဲ့ ပစ်လိုက်သံတွေရော ကျရောက်ပေါက်ကွဲတဲ့ အသံတွေရော အများကြီး ကြားရတယ်လို့  ဒေသခံက ပြောပါတယ်။

“ဟိုအောက်ဘက်က လာကျတဲ့ ရှော့တိုက်ဒုံးက ချိန်ထားတဲ့နေရာ ကောင်းကောင်း မရောက်သွားဘူး ထင်တယ်။ ပစ်တာတော့ DSA ဘက် ပစ်တာလို့ သိရတယ်။ ရပ်ကွက် ၁ က ဗလီမှာလည်း ထိတယ် ကြားတယ်။ မင်းအောင်လှိုင် ရောက်နေတဲ့နေရာ သိသွားလို့တဲ့။" 

ပြင်ဦးလွင် ပြည်သူ့ဆေးရုံထဲက အရိုးအထူးကုဆောင်နား လက်နက်ကြီးကျည် တလုံးကျပြီး ခေါင်မိုးပေါ် ထိသွားတယ်လို့ အမျိုးသမီးတဦးကလည်း ပြောပါတယ်။ 

"အမိုးပွင့်သွားတယ်။ ဦးဇင်းနှစ်ပါးနဲ့ လူနှစ်ယောက် ထိတယ် ပြောတယ်။”  

ကန်တော်လေးနားက ဘုန်းကြီးကျောင်းကိုပါ ထိသွားပြီး ဦးဇင်းတပါး ခေါင်းပွင့်သွားကာ တပါးက ရင်ဘတ်မှန်သွားပြီး ခွေးလေးတွေရော ဘုန်းကြီးကျောင်းသားလေးပါ ထိသွားတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က တိုက်ခိုက်ခဲ့တာလဲဆိုတာ ထုတ်ပြန်ကြေညာတာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဆင်ဖြူအင်း၊ အုတ်ဖို၊ တောင်ကြိုတောင်ကြား နဲ့ DSA တွေဘက် အပြန်အလှန် ပစ်နေသံကြားရပြီး လျှပ်စစ်မီးတွေပါ ပြတ်တောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၈ ရက် မနက်အစောပိုင်းကလည်း DSA စစ်တက္ကသိုလ်ကို မန္တလေးတိုင်း ပကဖ အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

DSA စစ်တက္ကသိုလ် ပစ်ခတ်ခံရပြီးနောက် ပြင်ဦးလွင်မြို့အတွင်းနဲ့ မြို့အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးရေး ပိုတင်းကျပ်ထားတဲ့ကြားက နောက်တကြိမ်ထပ်မံ ပစ်ခတ်ခံရတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013